သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရခိုင်ပြည်နယ်ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဧပြီ ၃၀ ရက်မှ မေ ၃ ရက်အတွင်း ရခိုင်ပြည်နယ်ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ၊ ကျောက်ဖြူ) နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (စစ်တွေ) တို့တွင် သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးနေမှုများအား  ရှင်းလင်းဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် တာဝန်ရှိသူများက ဒေသအကျိုးပြုလုပ်ငန်းများ၊ စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ကူညီပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။

ဧပြီ ၃၀ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ စီမံခန့်ခွဲရေး ဆိုင်ရာကိစ္စရပ်များ၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အဆင်သင့်ဖြစ်စေနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိသည့် အခြေအနေများ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မေလ (၁) ရက်နှင့် (၂) ရက်နေ့တို့တွင် စစ်တွေမြို့၊ နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)နှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(စစ်တွေ)သို့လည်းကောင်း၊ မေလ (၃) ရက်နေ့တွင် ကျောက်ဖြူမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)သို့လည်းကောင်း ရောက်ရှိပြီး ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံကာ အရည်သွေးပြည့်ဝသော သင်ကြားသင်ယူမှုများ အကောင် အထည်ဖော်ဆောင်ရွက် နိုင်ရေး၊ ICT နည်းပညာသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက် ရှိသဖြင့် နည်းပညာကို အကျိုးရှိစွာ အသုံးချပြီး စဉ်ဆက်မပြတ် သင်ယူခွင့်ရရှိရေး၊ တက္ကသိုလ်များ၊ သိပ္ပံများ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ကြားသင်ယူမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရေး ဆောင်ရွက်သင့်သည်များအား ရှင်းလင်းဆွေးနွေး မှာကြားခဲ့ပါသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်များ၊ သိပ္ပံများ၊ ကျောင်းများရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်နှင့် အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပါမောက္ခချူပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *