စားရေရိက္ခာဖူလုံရေးအတွက် အစားအသောက် ဘေးကင်းလုံခြုံရေး မြှင့်တင်ဆောင်ရွက်

နေပြည်တော် ဧပြီ ၁၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ နေပြည်တော်နည်းပညာတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် အစားအသောက် ဘေးကင်းလုံခြုံရေး အခြေခံသင်တန်း အမှတ်စဥ်(၃) သင်တန်းဆင်းပွဲသို့ တက်ရောက်သည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်- နိုင်ငံတော်က ချမှတ်ထားသော အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုနိုင်ရေး၊ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး၊ ဒေသထွက် တန်ဖိုးမြှင့် MSME စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အစားအသောက်ဘေးကင်းလုံခြုံရေးသည် အခြေခံအချက်တစ်ခုဖြစ်ပါကြောင်း၊ Food Science and Technology နှင့် Food Security ဆိုင်ရာ သင်တန်းများနှင့် အသိပညာပေးပွဲများ၊ နှီးနှောဖလှယ်ပွဲများကို ယခုထက် ပိုမိုကျယ်ပြန့်ထိရောက်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း

သင်တန်းသားများအနေဖြင့် ယခုသင်တန်းက လေ့လာသိရှိခဲ့ရသည့် အစားအသောက် ဘေးကင်းလုံခြုံရေး ဆိုင်ရာ အသိအမြင်များကို သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိလျှင် အကျိုးရှိစွာ ပြန်လည်အသုံးချခြင်း အပြင် လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်ဝန်းကျင်ရှိ အခြားလုပ်ငန်းရှင်များနှင့် ပြည်သူများထံ ဆက်လက်ဖြန့်ဝေပေးရန် လိုအပ်ပါကြောင်း၊မကြာမီကျရောက်တော့မည့်၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်မင်္ဂလာအခါသမယမှစ၍ လုပ်ငန်းများ အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း  ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများထံ စာကြည့်တိုက်အတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ လှူဒါန်းပေးအပ်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကြသည်။ ထို့နောက် သင်တန်းသားများကိုယ်စား နေပြည်တော်မှ ရာပြည့်မျှစ်ထုတ်လုပ်ရေး လုပ်ငန်းရှင်နှင့် သင်တန်းသူများကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန၊သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေး ထုတ်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်း(နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူးတို့က ကျေးဇူးတင်စကားများ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို လက်တွေကျကျ ဖော်ဆောင်ပေးနိုင်သည့် သုတေသနလုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်ကာ နိုင်ငံ့အကျိုးပြု လူငယ်အင်ဂျင်နီယာများကို အရည်အသွေးပြည့်မီစွာ စဥ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်သော ရပ်ဝန်း ကောင်းတစ်ခုဖြစ်စေရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *