နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ဘွဲ့နှင်းသဘင်အခမ်းအနားများကျင်းပ

နေပြည်တော် ဧပြီ ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) တို့၌ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဘွဲ့နှင်းသဘင် အခမ်းအနားများကို ကျင်းပကြပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တက္ကသိုလ်အသီးသီးမှ ပညာသင်နှစ်အလိုက် သင်ကြားသင်ယူအောင်မြင်ခဲ့ကြသော အင်ဂျင်နီယာပါရဂူဘွဲ့ရရှိသူများ၊ ဗိသုကာပါရဂူဘွဲ့ရရှိသူများ၊ ဇီဝနည်းပညာပါရဂူဘွဲ့ရရှိသူများ၊ အင်ဂျင်နီယာမဟာဘွဲ့ရရှိသူများ၊ ဗိသုကာ မဟာဘွဲ့ရရှိသူများ၊ အင်ဂျင်နီယာဘွဲ့ရသူများ၊ ဗိသုကာဘွဲ့ရရှိသူများနှင့် သတင်းအချက်အလက်နည်းပညာ ပါရဂူဘွဲ့ရရှိသူများ၊ ကွန်ပျူတာ သိပ္ပံမဟာဘွဲ့ရရှိသူများ၊ ကွန်ပျူတာနည်းပညာမဟာဘွဲ့ရရှိသူများ၊ သုတသိပ္ပံ မဟာဘွဲ့ရရှိသူများ၊ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိသူများ၊ ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူများနှင့် ကွန်ပျူတာဒီပလိုမာ ဘွဲ့ရရှိသူ များအား Video Message ဖြင့် ဂုဏ်ပြုအမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နည်းပညာတက္ကသိုလ် (၃)ကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ် (၇)ကျောင်း တို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားများတွင် ပညာသင်နှစ် အသီးသီးအလိုက် သင်ယူတတ်မြောက် အောင်မြင်ခဲ့ကြသူများကို ဘွဲ့လက်မှတ်များ အပ်နှင်းသွားမည်ဖြစ်ပြီး နိုင်ငံတော်အတွက် အင်ဂျင်နီယာဘွဲ့၊ ဗိသုကာဘွဲ့၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့၊ အင်ဂျင်နီယာမဟာဘွဲ့၊ ဗိသုကာမဟာဘွဲ့၊ ကွန်ပျူတာသိပ္ပံမဟာဘွဲ့၊ ကွန်ပျူတာနည်းပညာမဟာဘွဲ့၊ သုတသိပ္ပံမဟာဘွဲ့၊  ကွန်ပျူတာဒီပလိုမာဘွဲ့ နှင့် ပါရဂူဘွဲ့ရရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ထပ်မံပေါ်ထွန်းလာသော နေ့ကောင်း နေ့မြတ်လည်း ဖြစ်ပါကြောင်း။

          အစဉ်သင်ယူနေရသော Learning Society လူ့ဘောင်အဖွဲ့အစည်းမှာ မိမိကိုယ်တိုင် လေ့လာ ဆည်းပူးရင်း နိုင်ငံနှင့်ပြည်သူအားလုံး ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်ကြစေလိုကြောင်း၊ အင်ဂျင်နီယာနှင့် ကွန်ပျူတာပညာရှင်ကောင်းများ လိုက်နာစောင့်ထိန်းရမည့် ပညာရှင် ကျင့်ဝတ်များကိုလည်း လိုက်နာ စောင့်ထိန်းကြရန် လိုအပ်သလို လုပ်ငန်းခွင်စည်းကမ်း၊ ရပ်ရွာစည်းကမ်း၊ ပြည်သူ့နီတိများကိုလည်း  ရိုသေလေးစားစွာ လိုက်နာပြီး စံနမူနာ ယူထိုက်သော အင်ဂျင်နီယာပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ ဖြစ်လာအောင် ပြုမူနေထိုင်ကြရန် မှာကြားလိုကြောင်း၊ အနာဂတ် မြန်မာနိုင်ငံအတွက် စံပြုလေးစားထိုက်သော တက္ကသိုလ်များ ဂုဏ်ဆောင် အင်ဂျင်နီယာပညာရှင်၊ ကွန်ပျူတာပညာရှင်၊ သိပ္ပံပညာရှင်များ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ယနေ့ကျင်းပသည့် ဘွဲ့နှင်းသဘင် အခမ်းအနားများတွင် ဘွဲ့ယူမည့် မောင်မယ်များကို လှိုက်လှဲစွာ ဂုဏ်ပြုလိုက်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက္ကသိုလ်အသီးသီး၏ ဘွဲ့နှင်းသဘင်အခမ်းအနားများ ဆက်လက်ကျင်းပ ပြုလုပ်ရာ နည်းပညာတက္ကသိုလ်များတွင် အင်ဂျင်နီယာဘွဲ့နှင့် ဗိသုကာဘွဲ့ရရှိသူ (၆၄) ဦး၊ အင်ဂျင်နီယာမဟာဘွဲ့နှင့်ဗိသုကာမဟာဘွဲ့ရရှိသူ (၇၅) ဦး၊ ပါရဂူဘွဲ့ရရှိသူ (၃၂) ဦး နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ကွန်ပျူတာသိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာ ဘွဲ့ရရှိသူ (၁၄၉) ဦး၊ ကွန်ပျူတာသိပ္ပံမဟာဘွဲ့၊ ကွန်ပျူတာနည်းပညာမဟာဘွဲ့နှင့် သုတသိပ္ပံမဟာဘွဲ့ ရရှိသူ (၁၈) ဦး၊ ပါရဂူဘွဲ့ရရှိသူ (၃၁) ဦး၊ ကွန်ပျူတာဒီပလိုမာဘွဲ့ရရှိသူ (၆၆) ဦး စုစုပေါင်း ဘွဲ့ရမောင်မယ် (၄၃၅) ဦးတို့အား တက္ကသိုလ်အသီးသီး၏ ပါမောက္ခချုပ်များက သက်ဆိုင်ရာဘွဲ့အလိုက် ဘွဲ့လက်မှတ် အသီးသီး ချီးမြှင့်အပ်နှင်းကာ ဘွဲ့နှင်းသဘင်မိန်းခွန်းများ မြွတ်ကြားခဲ့ကြပြီး ဘွဲ့နှင်းသဘင် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။

ယနေ့ ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပသည့် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့သည် Quality Management System ဆိုင်ရာ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်များကို ရရှိထားပြီး အာရှနှင့်ပစိဖိတ်ဒေသတွင်း အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုမှုအဖွဲ့အစည်း (Federation of Engineering Institutions of Asia and Pacific (FEIAP)) ၏ ပဏာမအသိအမှတ်ပြုမှုလက်မှတ် Provisionally Accredited နှင့် အပြည့်အဝအသိအမှတ်ပြုမှု လက်မှတ် Fully Accredited များအား ရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် နည်းပညာတက္ကသိုလ်(တောင်ငူ) သည် ISO 9001:2015 အသိအမှတ်ပြု လက်မှတ်ကို  ၂၀၁၈ ခုနှစ်တွင် ရရှိထားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာပညာရေး အရည်အသွေးစိစစ်အသိအမှတ်ပြုရေးကော်မတီ၏ ပဏာမ အသိအမှတ်ပြုမှု လက်မှတ် Provisionally Accredited ကို အင်ဂျင်နီယာဘာသာရပ်(၂)ခု အတွက် ၂၀၁၉ ခုနှစ်တွင် ရရှိခဲ့ပြီး အပြည့်အဝအသိအမှတ်ပြုမှုလက်မှတ် Fully Accredited အရည်အသွေး စိစစ်အသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

ကွန်ပျူတာတက္ကသိုလ်များသည်လည်း ICT အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ် အသိအမှတ်ပြုနိုင်ရေးအတွက် Seoul Accord နှင့်အညီ စတင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာတက္ကသိုလ်များနည်းတူ ICT နည်းပညာကို အသုံးပြုသည့် Learning Management System (LMS) သင်ကြားသင်ယူမှုစနစ်များ အသုံးပြု၍ လွယ်ကူလျင်မြန် ထိရောက် အကျိုးရှိစွာ သင်ကြားသင်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားများသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဘွဲ့ယူမည့်မောင်မယ်များနှင့်၎င်းတို့၏ မိဘဆွေမျိုး မိတ်သင်္ဂဟများ၊ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *