Polytechnic University များ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ ၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ နည်းပညာတက္ကသိုလ်များ နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် Polytechnic University များဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ နေပြည်တော်နည်းပညာ တက္ကသိုလ်အပါအဝင် နည်းပညာတက္ကသိုလ် ၃၄ ခု၊ ကွန်ပျူတာတက္ကသိုလ် ၂၇ ခု၊ စုစုပေါင်း တက္ကသိုလ် ၆၁ ခု တို့ဖြင့် နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အခြေခံအုတ်မြစ် တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာကို လေ့လာပါက ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများစွာ တစ်နေရာတည်း စုစည်းဖွင့်လှစ်ပေးလျက်ရှိသည့် ကမ္ဘာ့အဆင့်မြင့်မားသော Polytechnic University များစွာ ရှိပါကြောင်း၊ မိမိတို့လည်း ယခုအခါ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်ကို ပေါင်းစည်းပြီး Polytechnic University အဖြစ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ မူလအခြေခံ တက္ကသိုလ်များ၏ လက်ရှိအင်ဂျင်နီယာဘွဲ့၊ ကွန်ပျူတာဘွဲ့ သင်ရိုးညွှန်းတမ်းများပြောင်းလဲခြင်းမရှိဘဲ ဆက်လက်သင်ကြားမှာဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခုတည်းတွင် ဘာသာရပ်များ စုစည်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသော နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် သင်ကြားရေးကွာခြားမှုမရှိကြောင်း၊ သို့ဖြစ်၍  အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူ များနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်ပေးနိုင်သည့် Polytechnic University များ တည်ထောင်ဖွင့်လှစ် နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ သတ်မှတ်နိုင်ရေး  ပူးပေါင်းဆောင်ရွက် ကြရန်နှင့် စနစ်တကျဆောင်ရွက်ကြရန်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Polytechnic University ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက် လာကြသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ် (တာဝန်ခံ)များ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများက အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသော ကိစ္စရပ်များဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

1
2
2-1
3
3-1
3-4
7-1
8
10-1
12
13
14
15
17-1
17-2
17-3
18
19
20
21
23
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *