၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် များကျင်းပ

နေပြည်တော် ဧပြီ ၅

နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ် ဘောလုံးအသင်းများမှ နိုင်ငံ့လက်ရွေးစင် ဘောလုံးအား ကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်၊ ကျန်းမာကြံ့ခိုင်၍ စည်းလုံးညီညွှတ်ကာ ဗလ ၅ တန် ဖွံ့ဖြိုးသည့် ကျောင်းသားရပ်ဝန်းဖြစ်ပေါ်လာစေရန်၊ တက္ကသိုလ်ဘောလုံးသမားများ၏ အောင်မြင် သော သမိုင်းအစဉ်အလာကို ထိန်းသိမ်းဆောင်ရွက်ရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ကျင်းပလျက်ရှိသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်ပွဲစဉ်များအား ဧပြီ ၅ ရက်နေ့တွင် ကျင်းပသည်။

ဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ ဆရာများနှင့် ကျောင်းသားများသည်  ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၁ ၌ ပထမဆီမီး ဖိုင်နယ်ပွဲစဉ်ဖြစ်သည့် ကွန်ပျူတာတက္ကသိုလ်(အထက်မြန်မာပြည်) အသင်း(ခ)နှင့် ကွန်ပျူတာတက္ကသိုလ် (အောက်မြန်မာပြည်) အသင်း(က)တို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။ အသင်း(ခ) တွင်  မန္တလေး၊ လားရှိုးနှင့် တောင်ကြီးတို့မှ ကွန်ပျူတာတက္ကသိုလ်များပါဝင်၍ အသင်း(က)တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ စစ်တွေနှင့် မြိတ်တို့မှ ကွန်ပျူတာတက္ကသိုလ်များ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး မိနစ် ၉၀ အထိ တစ်ဘက်သုံးဂိုးစီ သရေကျသဖြင့် အချိန်ပိုဆက်လက်ကစားရာ တစ်ဘက်လေးဂိုးစီဖြင့် ထပ်မံသရေကျကာ ပယ်နယ်တီ အဆုံးအဖြတ်တွင် ကွန်ပျူတာတက္ကသိုလ်(အောက်မြန်မာပြည်) အသင်း(က)မှ ကွန်ပျူတာတက္ကသိုလ် (အထက်မြန်မာပြည်) အသင်း(ခ)ကို ၅ ဂိုး – ၄ ဂိုးဖြင့် အနိုင်ရရှိပါသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ဒုတိယ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်သည့် နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်) အသင်း(က)နှင့် နည်းပညာတက္ကသိုလ်(အောက်မြန်မာပြည်) အသင်း(က)တို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးသည်။ နည်းပညာတက္ကသိုလ်(အထက်မြန်မာပြည်) အသင်း(က)တွင် မန္တလေးနည်းပညာတက္ကသိုလ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မကွေး နှင့် ပခုက္ကူတို့မှ နည်းပညာတက္ကသိုလ်များပါဝင်၍  နည်းပညာတက္ကသိုလ် (အောက်မြန်မာပြည်) အသင်း(က)တွင် ပြည်နည်းပညာ တက္ကသိုလ်၊ မှော်ဘီနှင့် တောင်ငူတို့မှ နည်းပညာတက္ကသိုလ်များ ပါဝင်ယှဉ်ပြိုင်ကစားကြသည်။ဆီမီးဖိုင်နယ်ပွဲဖြစ်သည်နှင့်အညီ အကြိတ်အနယ် ယှဉ်ပြိုင်ကြရာ မိနစ် ၉၀ ၌ တစ်ဘက်နှစ်ဂိုးစီ သရေကျနေသဖြင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်စေရာ နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်) အသင်း(က)မှ နည်းပညာတက္ကသိုလ်(အောက်မြန်မာပြည်) အသင်း(က)ကို ၄ ဂိုး – ၂ ဂိုးဖြင့် အနိုင်ရရှိသည်။ ပြိုင်ပွဲ အပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် တာဝန်ရှိသူများသည် ကျောင်းသားအားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *