KG+12 ပြီးမြောက်အောင်မြင်လာသော ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးညွှန်းတမ်းများ ပြင်ဆင် ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဧပြီ ၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များ နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ပြောင်းလဲကျင့်သုံးမည့် KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေ မည့်  သင်ရိုးညွှန်းတမ်းများပြင်ဆင်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်  ၈  နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ စုစုပေါင်း ၁၄၆ ဦး တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အကုန်တွင် KG+12 သင်ရိုးအသစ်ဖြင့် အခြေခံပညာပြီးမြောက်လာသော ကျောင်းသား၊ ကျောင်းသူများသည် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များသို့ ဝင်ရောက်လာမည်ဖြစ်ပါသဖြင့် ဘာသာရပ် များ၏ သင်ရိုးညွှန်းတမ်းများကို KG+12 တွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်းများနှင့် လိုက်လျော ညီထွေဖြစ်စေရန် လိုအပ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် Credit စနစ်များ၊ အရည်အသွေးအာမခံမှုစနစ်များနှင့်အညီ ရေးဆွဲရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်ကျွမ်းကျင်တတ်မြောက်မှုကို အဓိကထား ရေးဆွဲစေလိုပါ ကြောင်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားမှု အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ၊ သင်ကြား၊ သင်ယူမှုဆိုင်ရာ အရည်အချင်းမြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ် သင်ကြားပေးရန်နှင့် လက်တွေ့သင်ခန်းစာများ၊ လက်တွေ့ခန်းသုံးပစ္စည်းနှင့် သင်ထောက်ကူပစ္စည်းများ ကို ထိရောက်စွာအသုံးပြု၍ သင်ကြားရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများကို အတတ်ပညာနှင့် အသိပညာတိုးတက်ရေးအတွက်သာမက စိတ်ဓာတ်ကြံ့ခိုင် ဖွံ့ဖြိုး တိုးတက်လာရန် လေ့ကျင့်လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက  KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေဖြစ်သော သင်ရိုးညွှန်းတမ်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် တင်ပြဆွေးနွေးခဲ့ကြရာ ဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *