သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၂

          သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့် အတူ ဇွန် ၂ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ငူ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံကာ နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးရမည်ဖြစ်သည့်အတွက် အမှန်တကယ် ကျွမ်းကျင် တတ်မြောက်ပြီး (Knowledge၊ Skill၊ Attitude)တို့နှင့် ပြည့်စုံသော လူသားအရင်းအမြစ်များကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ ICT နည်းပညာကို အကျိုးရှိစွာအသုံးချပြီး အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများ ဖြစ်စေရန်လိုအပ်ပါကြောင်း၊ သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ သင်ကြားသင်ယူနိုင်မှု ဝန်းကျင်ကောင်းများ စီစဉ်ထားရှိပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာ ခန်းများတွင် ကျောင်းသားကျောင်းသူများ သင်ကြားသင်ယူ ဆောင်ရွက်နေမှုများနှင့် စာကြည့်တိုက် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များလမ်းညွှန်မှာကြားပြီး ကျောင်းသား ကျောင်းသူများ၏ အားကစားဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစား ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ငူ)နှင့် နည်းပညာတက္ကသိုလ်(တောင်ငူ) သို့ရောက်ရှိပြီး  ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသည်ကို ကြည့်ရှုအားပေးခဲ့ပါသည်။  ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်၊ ကျောင်းများရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ ကျောင်းသား၊ကျောင်းသူအိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ယာတို့ကို လှည့်လည်ကြည်ရှုစစ်ဆေးကာ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *