နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင်ဘွဲ့နှင်းသဘင်အခမ်းအနားများကျင်းပခြင်း

နေပြည်တော်၊ မတ် ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ မြန်မာသတင်းအချက် အလက်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တို့၌ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပကြပါသည်။

အဆိုပါအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပညာသင်နှစ်အလိုက် တက္ကသိုလ်အသီးသီးမှ သင်ကြားသင်ယူအောင်မြင်ခဲ့ကြသော မဟာအင်ဂျင်နီယာ ဘွဲ့ရသူများ၊ မဟာသိပ္ပံ(ဇီဝနည်းပညာ)ဘွဲ့ရရှိသူများ၊ အင်ဂျင်နီယာဘွဲ့ရရှိသူများ၊ အင်ဂျင်နီယာ (ဂုဏ်ထူး)ဘွဲ့ရရှိသူများ၊ သိပ္ပံဘွဲ့(ဇီဝနည်းပညာ)ဘွဲ့ရရှိသူများနှင့် ကွန်ပျူတာသိပ္ပံဘွဲ့ရရှိသူများအား ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဂုဏ်ပြုအမှာစကားပြောကြားပါသည်။

ထို့နောက် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ပထမအကြိမ်၊ နည်းပညာ တက္ကသိုလ်(မန္တလေး)၏(၁၈)ကြိမ်မြောက်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၏ (၁၇)ကြိမ်မြောက်၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)၏(၁၈)ကြိမ်မြောက်၊ နည်းပညာတက္ကသိုလ် (စစ်တွေ)၏ (၁၇)ကြိမ် မြောက်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၏(၁၂)ကြိမ်မြောက်၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏(၁၂) ကြိမ်မြောက်နှင့် ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)၏ (၁၀)ကြိမ်မြောက် ဘွဲ့အပ်နှင်းပွဲအခမ်းအနားများကို ဆက်လက်ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာတက္ကသိုလ်အသီးသီး၏ ပါမောက္ခချုပ်များက ဘွဲ့ရမောင်မယ်များကို သက်ဆိုင်ရာဘွဲ့အလိုက် ဘွဲ့လက်မှတ်အသီးသီးချီးမြှင့်ပြီး ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပါသည်။

အဆိုပါအခမ်းအနားများသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဘွဲ့ယူမည့်မောင်မယ်များနှင့်၄င်းတို့၏ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ တတ်ရောက်ကြကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *