အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၂) ကျင်းပ

နေပြည်တော်၊ ဧပြီ  ၆

အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂၁) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီ၊ ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံအမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံတွင် အဓိကကျသောအခန်းကဏ္ဍမှပါဝင်သည့် မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ခြင်းနှင့်အသိအမှတ်ပြုခြင်းဆိုင်ရာလုပ်ငန်းများတွင် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များနှင့်ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်များနှင့် အကြံပြုချက်များရယူနိုင်ရေး ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ထုတ်ကုန်နှင့် သွင်းကုန်နှစ်ရပ်စလုံးတွင် အရည်အသွေးကိုက်ညီနိုင်စေရန်ရည်ရွယ်၍ ထုတ်ကုန်၊ ထုတ်လုပ်မှုနည်းစဉ်နှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် သက်ဆိုင်ရာစံချိန်စံညွှန်းများ၊ နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အသွေးအာမခံချက်ပေးနိုင်ရန်၊ ဒေသဆိုင်ရာနှင့်အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများဖယ်ရှားနိုင်ရန်၊ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရရှိရန်တို့အတွက် ထိရောက်မှုရှိသည့် အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံစနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ထုတ်ကုန်၊ သွင်းကုန်နှင့်ပို့ကုန် အရည်အသွေးဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အပံ့ပေးနိုင်သည့် မြန်မာစံချိန်စံညွှန်းများသတ်မှတ်ခြင်း၊ အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့်မူဝါဒများနှင့် လမ်းညွှန်ချက်များကို ယခုအစည်းအဝေးမှ ဆက်လက်ချမှတ်သွားနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ ဝင်များနှင့်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  မြန်မာစံချိန်စံညွှန်း (၂၅၉)ခုအား အတည်ပြုခြင်း၊ နည်းပညာဆပ်ကော်မတီများ ပြန်လည်ဖွဲ့စည်းခြင်း၊ ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်‌ဆောင်မှု လုပ်ငန်းများ အရည်အသွေးမြှင့်တင်ပေးနိုင်ရန် အမျိုးသားအရည်အသွေးထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ တည်ထောင်ခြင်း၊ နိုင်ငံတော်အတွက်လိုအပ်သော မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *