လျှပ်စစ်သုံးယာဉ်များနှင့်ဆက်စပ်ပစ္စည်းများအသုံးပြုခြင်းဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Electric Vehicle Knowledge Sharing and People Awareness Program)အား ရန်ကုန်မြို့၊ UMFCCI တွင် ကျင်းပပြုလုပ်

(ရန်ကုန်၊ ဖေဖော်ဝါရီ ၄)

မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်းထိတွေ့နေရာယူလာကြတော့မည့် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများအတွက် နည်းပညာဆိုင်ရာများ၊ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာများနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေရှည်အသုံးပြုနိုင်ရေးအတွက် မှန်ကန်သော သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်ရည်ရွယ်၍ လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Electric Vehicle Knowledge Sharing and People Awareness Program) ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ရှိ မင်္ဂလာခန်းမ၌ကျင်းပခဲ့သည်။

ပထမဦးစွာ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ (၂-၆-၂၀၂၂)ရက်နေ့တွင် အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီနှင့် (၇-၆-၂၀၂၂)ရက်နေ့တွင် လုပ်ငန်းကော်မတီ(၅)ရပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း ဦးဆောင်ကော်မတီအနေဖြင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများချမှတ်ခြင်း၊ လျှပ်စစ်သုံးယာဉ်အသုံးပြုမှအတွက် အခွန်/အခ ကင်းလွတ်ခွင့်များ၊ အခြားသက်သာခွင့်များဖော်ဆောင်ပေးခြင်း၊ လိုအပ်သည့်အမိန့်ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများသတ်မှတ်ခြင်း၊ အများသုံး Charging Stationများ တည်ဆောက်နိုင်ရေးစီမံချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ”ကို နိုင်ငံတော်အဆင့် အတည်ပြုပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအနေဖြင့် “လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers (ToT) သင်တန်း”၊ “လျှပ်စစ်သုံးယာဉ် (Electric Vehicle) စစ်ဆေးရေးအထောက်အကူပြုသင်တန်း”များကို စက်မှုဝန်ကြီးဌာနနှင့်ပူးပေါင်း ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း တစ်နှစ်ပတ်လုံး လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers (ToT) သင်တန်းများနှင့် ပုံမှန်သင်တန်းများကို အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ UMFCC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူနှင့် MAMDA အသင်းဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြား ခဲ့ကြသည်။

ဆက်လက်၍ လျှပ်စစ်သုံးယာဉ်နှင့် ပတ်သက်သော မူဝါဒဆိုင်ရာ သတ်မှတ်ချက်များအား စက်မှုဝန်ကြီးဌာနမှ ဆွေးနွေးခဲ့သည်။ EV ကားများ၏ အခြေခံသဘောတရားများနှင့် EV နှင့် ပတ်သက်သော Knowledge Sharing ပြုလုပ်ခြင်းများအား ကျွမ်းကျင်ပညာရှင်များက ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Knowledge Sharing ပွဲသို့ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍများမှ  စုစုပေါင်းလူဦးရေ ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။   

Leave a Reply

Your email address will not be published. Required fields are marked *