တီထွင်ဆန်းသစ်သော တန်ဖိုးမြင့် ဝါး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများ သင်ကြားပို့ချ

ရန်ကုန် ဇန်နဝါရီ ၂၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနက ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ ၂၀၂၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် “မဲခေါင်ဒေသရှိ ဝါး ဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor Madam Li Xiao Yan ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့်နိုင်ငံတကာ ကြိမ်နှင့်ဝါးအဖွဲ့အစည်း(International Bamboo and Rattan Organization INBAR) မှ ညွှန်ကြားရေးမှူးချုပ် Mr. Ali Mchumo တို့က အဖွင့်အမှာစကားပြောကြားကြသည်။

သင်တန်းဖွင့်ပွဲသို့ ကမ္ဘောဒီယားသံအမတ်ကြီး H.E. Mr. CHHOUK Bunna၊ လာအိုနိုင်ငံသံရုံးမှ Deputy Chief of Mission Mr. Bounnhang KEOSABANG ၊ တရုတ်နိုင်ငံသံရုံး၊ ထိုင်းနိုင်ငံသံရုံးနှင့် ဗီယက်နမ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် ပါမောက္ခများ၊ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးအသင်း၊ မြန်မာနိုင်ငံဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ “ဝါးလက်မှုနည်းပညာဆရာဖြစ်သင်တန်း”၊ “မဲခေါင်ဒေသရှိ ဝါး ဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုသင်တန်း” တို့မှ သင်တန်းသားများ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ဖွင့်လှစ်သည့် Training of Trainers on Bamboo Weaving Art သင်တန်းသို့ ရောက်ရှိပြီး သင်တန်းသားများ လက်တွေ့ဆောင်ရွက်နေခြင်းနှင့် Bamboo Architecture Demonstration Unit တည်ဆောက်ထားရှိမှုတို့ကို လှည်လည်ကြည့်ရှုသည်။

“ဝါးလက်မှုနည်းပညာဆရာဖြစ်သင်တန်း” ကို တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ဇန်နဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ အွန်လိုင်း(Virtual Mode) ဖြင့်သင်ကြားပေးမည်ဖြစ်ပြီး နှီးဖြာခြင်း၊ ဆေးဆိုးခြင်း၊ လက်မှုပစ္စည်းများ အနုဆိတ်ဆောင်ရွက်ခြင်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးမည် ဖြစ်သည်။

“မဲခေါင်ဒေသရှိ ဝါး ဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု သင်တန်း” တွင် ဝါးစက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှု တီထွင်ဆန်းသစ်သော တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ကြားပို့ချမည်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံများအတွက် ဝါးစက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ သုတေသနလုပ်ငန်းများ ဆန်းသစ်တီထွင်သော တန်ဖိုးမြှင့်ထုတ်လုပ်သည့် နည်းပညာများကို အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင်များအား ပံ့ပိုးကူညီပေးခြင်း၊ တန်ဖိုးမြှင့် ဝါးထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *