သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် နည်းပညာမြှင့်တင်ရေး သင်တန်းဌာန (ဘယ်လင်း)မှ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခဆရာ၊ ဆရာမများအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော်၊ စက်တင်ဘာလ ၄ ရက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)၏ သင်တန်းပို့ချ ပေးလျက်ရှိသော ကိစ္စရပ်များ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှုနှင့် သင်ကြားသင်ယူမှု ကိစ္စရပ်များနှင့် ရှေ့ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်မည့် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ဆရာအတတ်သင်ကိစ္စရပ်များအား ပေါင်းစပ်ဆောင်ရွက် ပေးနိုင်ရန်အတွက် ယခုလ ၂ ရက်နေ့တွင် နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)သို့ ရောက်ရှိပြီး သင်တန်း ခန်းမများ၊ မြို့ပြအင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ သုတ နည်းပညာအင်ဂျင်နီယာဌာန၊ မော်တော်ယာဉ်နည်းပညာအင်ဂျင်နီယာဌာန၊ စက်မှုပုံစံပြုနှင့် CNC ဌာနများသို့ သွားရောက်၍ တပ်ဆင်ဆောင်ရွက်ထားသည့် LAB ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက် စေရန် လေ့ကျင့်သင်ကြားဆောင်ရွက်နိုင်စေရန် စီစဉ်ထားရှိမှုများ၊ သင်တန်းသား အိပ်ဆောင်များနှင့် စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။

အရည်အသွေးပြည့်ဝသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး အတွက် TVET ဆရာ၊ ဆရာမများ၏ အရေးပါသော အခန်းကဏ္ဍ

ယင်းနောက်သင်တန်းခန်းမ၌ သင်တန်းကျောင်းရှိဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ဤသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရန်မှာ လွန်စွာ အရေးကြီးပါကြောင်း၊ ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတတ်ရန် သက်ဆိုင်ရာနယ်ပယ်အလိုက် အရည်အသွေးပြည့်ဝသည့် လုပ်သားများ ရှိရန်လိုအပ်ပါကြောင်း၊  ဤသို့ရရှိရန် သက်ဆိုင်ရာ ပညာရပ်နယ်ပယ်၌ အသိပညာ၊ အတတ်ပညာများ  ကျွမ်းကျင်မှု ရှိရမည့်အပြင် အသင်းအဖွဲ့နှင့်ဆောင်ရွက်တတ်ရန်၊ ကျင့်၀တ်နှင့်အညီ ဆောင်ရွက်တတ်ရန်လည်း အ‌ရေးကြီးပါကြောင်း၊ သက်ဆိုင်ရာပညာရပ်နယ်ပယ်အလိုက် Knowledge၊ Skill၊ Attitude တို့နှင့် ပြည့်စုံသော လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးရန် လိုအပ်ပါကြောင်း၊ ဤသို့ပြည်စုံရန် အသိပညာ၊ ကျွမ်းကျင်မှုများ၊ စောင့်ထိန်းလိုက်နာ ကျင့်သုံး ရမည့် ကျင့်၀တ်များကို ပြည့်စုံစွာသင်ကြားပို့ချနိုင်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်  အဆိုပါသင်တန်းသားများကို ပြုစု ပျိုးထောင်ပေးမည့် ဆရာ/ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ Capacity Upgrading TOT သင်တန်း များအား စဉ်ဆက်မပြတ်ဆောင်ရွက်ရန်သွားရန် လိုအပ်ပါကြောင်း၊ အသိပညာကိုအခြေခံ၍ လက်တွေ့ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်သည့် သင်တန်းသားများ မွေးထုတ်ပေးရခြင်းဖြစ်သဖြင့် နည်းပြများအနေဖြင့်လည်း  သင်ကြားရေးအထောက် အကူပြုပစ္စည်းများအား ကိုယ်တိုင်ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန်လိုအပ်ပါကြောင်း၊ ကောင်းမွန်သော စီမံခန့်ခွဲရေး စနစ်အသုံးပြု၍ ပညာသင်ကြားသင်ယူရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုအားပေးသော သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်း ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုကာလတွင်း Covid-19 အခြေအနေအရ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာသင်တန်းများအားလည်း ယခုကဲ့သို့ စဉ်ဆက်မပျက် e-Learning Online စနစ်ဖြင့် သင်ကြားသင်ယူမှုများ စဥ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆရာ/ဆရာမ များ၏ စွမ်းဆောင်ရည်ပြ ကျွမ်းကျင်မှုပြိုင်ပွဲများကိုလည်း စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးပြီး ထူးချွန်ပြောင်မြောက်စွာ စွမ်းရည်ပြည့်သူများကို ထိုက်တန်စွာဆုချီးမြှင့်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အသုံးပြုသင်ကြားနေသော သင်ထောက်ကူပစ္စည်းများ ခေတ်မီကိုက်ညီစေရန် နှစ်အလိုက် ဖြည့်ဆည်းရန်

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လိုအပ်သည့်များကို မေးမြန်း၍ နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း) ၏ လက်ရှိ သင်ကြားသင်ယူအသုံးပြုလျက်ရှိသော သင်ထောက်ကူပစ္စည်းများ အစဉ်ခေတ်မီစေရန်နှင့် ကျောင်းများနှင့် ကိုက်ညီမှုရှိစေရန်အတွက် နှစ်စဉ်သုံးသပ်ဖြည့်ဆည်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ယခုလ ၃ ရက်နေ့တွင် သုတေသနဌာနများ၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)သို့ ဆက်လက်သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ တာဝန်ခံ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ သုတေသနဆောင်ရွက်နေမှုအခြေအနေများ၊ သင်ကြားသင်ယူမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *