သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇူလိုင် ၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့  ရောက်ရှိလာရာ ခေတ္တ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနတာဝန်ခံများက လက်ရှိ ဆောင်ရွက်လျက် ရှိသော အကျိုးပြုသုတေသနလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့် နည်းပညာဆိုင်ရာဆင့်ပွား သင်တန်းများ ပေးအပ်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အသုံးချသုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ ဆောင်ရွက်နေမှုများ၊ ခေတ်မီဓာတ်ခွဲစမ်းသပ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ၊ နိုင်ငံခြား သွင်းကုန်ပို့ကုန်နှင့် စက်မှုလုပ်ငန်းသုံး ဓာတုဗေဒ ကုန်ကြမ်းပစ္စည်းများကို ရည်ညွှန်းဓာတ်ခွဲခန်း တစ်ခုအနေဖြင့် ခေတ်မီဓာတ်ခွဲစမ်းသပ်  ပေးခြင်းများကို ကြည့်ရှုစစ်ဆေးပြီး စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရန် လိုအပ်ပါကြောင်း။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် နိုင်ငံတော်အတွက်အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်သည့် အတွက် ၎င်းနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ၊ နည်းပညာလွှဲပြောင်းရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများကို အစဉ်တစိုက် တိုးတက်ဖွံ့ဖြိုးဖော်ဆောင်ရန် လိုအပ်ပါကြောင်း။

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ICT နည်းပညာရပ်များသည် ယနေ့ကမ္ဘာတွင် လျှင်မြန်စွာ တိုးတက်ပြောင်းလဲ နေသည့်အတွက် နောက်ကျမကျန်စေရေး အထူးအလေးထား၍ ကြိုးပမ်းဆောင်ရွက်နေရန် လိုအပ် ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဓာတုနည်းပညာ သုတေသနဗဟိုဌာနသို့ ရောက်ရှိပြီး ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေးဆိုင်ရာ လက်တွေ့ဓာတုဗေဒနည်းပညာ၊ နာနိုနည်းပညာ၊ အစားအစာ နည်းပညာ၊ ဆေးဝါးအထောက်အကူပြုနည်းပညာနှင့် သဘာဝ စွန့်ပစ်အမျှင် ကွန်ပို့စစ် နည်းပညာစသည့်  သုတေသနလုပ်ငန်းများအား ဆောင်ရွက်နေမှု အခြေအနေများ၊ သုတေသနရလဒ်များကို လက်တွေ့ အသုံးချစေရန်နှင့် နည်းပညာတောင်းဆိုထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်အရည်အသွေး တိုးမြင့်လာစေရန်နှင့် ထုတ်ကုန်အမည်သစ် ထွက်ရှိလာစေရန်၊ ပြည်တွင်းပြည်ပ ဈေးကွက်တိုးချဲ့နိုင် စေရန် တို့အတွက် နည်းပညာများ လွှဲပြောင်းပေးခြင်း၊ ဖြန့်ဝေပေးခြင်း၊ နည်းပညာ အကြံပေးခြင်းများနှင့် နည်းပညာပြန့်ပွားရန် ဆောင်ရွက်ခြင်းများနှင့် လက်တွေ့အသုံးချ နည်းပညာရပ်ဆိုင်ရာ သင်တန်းများ၊ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ သင်တန်းများနှင့် ဓါတုပစ္စည်း လုံခြုံစိတ်ချမှုဆိုင်ရာ သင်တန်းများ အား ဆင့်ပွားသင်ကြားပို့ချနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူ များအား လက်တွေ့ ကွင်းဆင်းလေ့လာခြင်းနှင့် ဘွဲ့ကြိုစာတမ်း၊ မဟာဘွဲ့၊ ပါရဂူ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများအတွက် ကျမ်းပြုသုတေသနလုပ်ငန်းများတွင် ကြီးကြပ်ဆောင်ရွက် ပေးခြင်းများအား နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် နိုင်ငံ့အကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှု လုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအား သက်ဆိုင်သည့် Stakeholder များနှင့် ညှိနှိုင်းပေါင်းစပ်၍ Team Work ကောင်းကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   

   

Leave a Reply

Your email address will not be published. Required fields are marked *