သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာ၊ ဆရာမများအား တွေ့ဆုံအမှာစကားပြောကြား

ရန်ကုန်၊ ဇူလိုင် ၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရန်ကုန် နည်းပညာတက္ကသိုလ်၏ သင်ကြား၊ စီမံကိစ္စရပ်များ၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များနှင့် သင်ထောက်  ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှု အခြေအနေများအား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့ နံနက် (၉)နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အင်ဂျင်နီယာပညာရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် တွေ့ဆုံအမှာစကားပြောကြားသည်။

အရည်အသွေးပြည့်ဝသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး

ပြည်ထောင်စုဝန်ကြီးက တိုင်းပြည်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာတွင် သိပ္ပံနှင့်နည်းပညာကဏ္ဍသည် ခေတ်စနစ်နှင့်အညီ ရှေ့ဆောင် ဖွံ့ဖြိုးတိုးတက် ရမည့်ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူသားအရင်း အမြစ်များအား အခြေခံကျွမ်းကျင်လုပ်သားမှသည် နည်းပညာရှင်များ၊ အင်ဂျင်နီယာများနှင့် သုတေသန ပညာရှင်များအဖြစ်သို့ စနစ်တကျ မဟာဗျုဟာကျကျဖြင့် လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန် လိုအပ်ပါ ကြောင်း၊

အရည်အသွေးပြည့်ဝသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ် ပေးရန်အတွက် အရည်အသွေးရှိသောပညာရေး(Quality Education)ဖြစ်နေရန် လိုအပ်ပါကြောင်း၊ ခေတ်မီ ပညာရေးစနစ်နှင့် သင်ရိုးညွှန်းတမ်းများ(Modern Education System and Curriculum)ဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သင့်လျော်သော ဆရာ-ကျောင်းသားအချိုးဖြင့် အရည်အချင်းမီသည့် ဆရာ၊ ဆရာမများ ဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရန်အတွက် လိုအပ်သည့် Capacity Upgrading TOT သင်တန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သင်ကြားရေးကို အထောက်အကူပြုသည့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ဓာတ်ခွဲခန်းများ၊ သင်ကြားရေး အထောက်အကူပြုပစ္စည်းများအား အကျိုးရှိထိရောက်စွာ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လျာထားဖြည့်ဆည်းပေးနိုင်ရန်အတွက် စနစ်တကျ အစီအစဉ်ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကောင်းမွန်သော စီမံခန့်ခွဲရေးစနစ် (Quality Management System)၊ ထိရောက်ပြီး ပွင့်လင်းမြင်သာသော အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးစနစ်(Effective and Transparent Governance and  Management System) နှင့် အပြန်အလှန်ထိန်းကျောင်းသည့်စနစ် (Check and Balance System)များ အသုံးပြု၍ ပညာသင်ကြားရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးသော ပတ်ဝန်းကျင်ကောင်း(Conductive Environment for Learning and Personal Development) ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အလွန်အရေးကြီးပါကြောင်း၊ အရည်အချင်းပြည့်ဝသည့် နည်းပညာရှင်များနှင့် အင်ဂျင်နီယာများ မွေးထုတ်ရန်အတွက် သက်ဆိုင်ရာ နယ်ပယ်အလိုက် Quality Assurance နှင့် Accreditation ဆိုင်ရာ ကိစ္စရပ်များအား မဖြစ်မနေ ထည့်သွင်း စဉ်းစား၍ Milestones များထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊

၂၁ ရာစုကျွမ်းကျင်မှုများနှင့် ပြောင်းလဲတိုးတက်လျက်ရှိသော သိပ္ပံနှင့်နည်းပညာကဏ္ဍ

မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် လက်ရှိပြောင်းလဲကျင့်သုံးလျက်ရှိသည့် KG+12 အခြေခံပညာ သင်ရိုးသစ်ဖြင့် အောင်မြင်ပြီးမြောက်လာမည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတကာအဆင့်မီ ဘွဲ့ရနည်းပညာရှင်များနှင့် အင်ဂျင်နီယာများ ဖြစ်ပေါ်လာစေရန်အတွက် သင်ရိုးသစ်၏ အထက်တန်း အဆင့်(Grade 10,11,12)၏ သင်ရိုးများနှင့် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် သက်မွေးပညာသင် ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ၏ သင်ရိုးညွှန်းတမ်းများ အချိတ်အဆက်မိစွာဖြင့် ပြုစု သင်ကြားနိုင်ရန် လိုအပ်ပါကြောင်း၊ ၂၁ ရာစုကျွမ်းကျင်မှုများအား မဖြစ်မနေ ပေါင်းစပ်ထည့်သွင်း သင်ကြား နိုင်ရေးအတွက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် သိပ္ပံနှင့်နည်းပညာကဏ္ဍ၌ ပြောင်းလဲ တိုးတက်လျက်ရှိသော Industrial Revolution(4.0)ဆိုင်ရာနယ်ပယ်များ၊ Artificial Intelligent နှင့် Robotics ဆိုင်ရာနယ်ပယ်များ၊ Cloud Computing နှင့် Internet of Things ကဲ့သို့ Big Data များကို အခြေခံသည့် ဘာသာရပ်နယ်ပယ်များကို ဒေသတွင်းအဆင့်၊ နိုင်ငံတကာအဆင့်များနှင့် ချိန်ထိုး၍ မိမိနိုင်ငံ ၏ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုနယ်ပယ်များတွင် သိပ္ပံနှင့်နည်းပညာရပ်များအား အသုံးချ ဆောင်ရွက်နိုင်ရေးနှင့် ခေတ်နောက်ကျ မကျန်စေရေးအတွက် သင်ကြားလေ့ကျင့်ပေးရမှာဖြစ်ပါကြောင်း၊

သုတေသနနှင့် တီထွင်ဆန်းသစ်မှုများ လိုအပ်နေသော သိပ္ပံနှင့်နည်းပညာကဏ္ဍ

သိပ္ပံနှင့်နည်းပညာကဏ္ဍအား ဦးဆောင်နေသည့် ရန်ကုန်နည်းပညာတက္ကသိုလ် အပါအဝင် တစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျုတာတက္ကသိုလ်များနှင့် သက်ဆိုင်ရာ အထူးပြုတက္ကသိုလ် များအနေဖြင့် သုတေသန အသားပေးဆောင်ရွက်နိုင်သည့် တက္ကသိုလ်များအဖြစ် ရောက်ရှိနိုင်ရေး နှစ်အလိုက် ဆောင်ရွက်သွားမည့် Plan များ ချမှတ်၍ သုတေသနများ တိုးတက်ဆောင်ရွက်ခြင်း၊ သုတေသန ပြုရန်အတွက် စနစ်ကောင်းနှင့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ထွန်းစေရေး ဆောင်ရွက်ခြင်း၊ သိပ္ပံပြပွဲ၊ ပြိုင်ပွဲများ၊ တီထွင်မှုပြပွဲပြိုင်ပွဲများနှင့် သုတေသနစာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံ့အကျိုးပြု သုတေသနနှင့် တီထွင်ဆန်းသစ်မှုများအား တိုးမြှင့်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) သို့ ဆက်လက်သွားရောက်ပြီး ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူး၊ ဆရာ၊ ဆရာမ များနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူမှုနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *