သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၂၅

သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂၁) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည်  သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များမွေးထုတ်ပေးရန်၊ မိမိတို့၏ထုတ်ကုန်များ စံချိန်စံညွှန်းနှင့်အညီ ရှိမရှိ သတ်မှတ်အရည်အသွေးပြည့်မီမှု ရှိ မရှိ ဆန်းစစ်တိုင်းတာရန်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အမျိုးသားရေးလုပ်ငန်းတာဝန်များကို နိုင်ငံကိုယ်စား ထမ်းဆောင်ရန် တာဝန်ရှိပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူသားအရင်းအမြစ် ပြုစုပျိုးထောင်ရာတွင် အခြေခံကျွမ်းကျင် လုပ်သားများမှအစပြု၍ အဆင့်မြင့်နည်းပညာရှင်များအထိ လေ့ကျင့်မွေးထုတ်ပေးရန် တာဝန်ရှိပါကြောင်း။

နိုင်ငံတိုးတက်ဖွံ့ဖြိုးရန်၊ မိမိတို့နိုင်ငံရှိ လူမှုစီးပွားဘဝများ မြင့်တက်လာရန်မှာ နည်းပညာရှင်များ၏ တီထွင်ထုတ်လုပ်ဖန်တီးမှုများပေါ် မူတည်ပါကြောင်း၊ သို့ဖြစ်၍ နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်မွေးထုတ်ရေးမှာ အရေးကြီးပါကြောင်း၊ ယခုတွေ့ဆုံသည့် ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များသည် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သဖြင့် အဆင့်မြင့်နည်းပညာဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးရသူများ ဖြစ်ကြောင်း၊ ဒါ့အပြင် ယနေ့ခေတ်နည်းပညာရှင်များတွင် မိမိတို့၏ Professional များသာမက အခြားဖြည့်စွက် လေ့လာသင့်သည်များလည်းရှိကြောင်း၊ ယနေ့ခေတ်သိပ္ပံနှင့်နည်းပညာသည် လျှင်မြန်စွာ တိုးတက်ဖြစ်ပေါ်လျက်ရှိသဖြင့် ခေတ်နှင့်အညီ လိုက်နိုင်ရန် စဉ်ဆက်မပြတ် လေ့လာနေရန်လိုအပ်ပါကြောင်း။

ဤနည်းပညာရှင်များသည် မိမိတို့အတတ်ပညာ၊ နည်းပညာများကို မှန်မှန်ကန်ကန် အများပြည်သူအကျိုး၊ နိုင်ငံအကျိုးဖြစ်စေရန်၊ အသုံးချနိုင်စွမ်းရှိရန်လိုအပ်ပြီး ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက် နိုင်မှုများကို ကြိုတင်မျှော်မှန်းနိုင်ရန်လိုအပ်ကြောင်း၊ ဤသို့ဖြစ်ရန် Professional ပညာရပ်များသာမကမိမိတို့လုပ်ဆောင်ချက်များကျင့်ဝတ်နှင့်အညီဖြစ်စေရန်၊ အသင်းအဖွဲ့စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်တက်ရန်၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်စွာဆောင်ရွက်တက်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရာတွင် မိမိတို့၏ Professional ပြည့်ဝရန်သာမကအထက်ဖော်ပြပါ အရည်အချင်းများလည်းပြည့်ဝရန် သင်ကြားပေးရမည် ဖြစ်ကြောင်း၊ နို်ငငံတကာအဆင့်မီမိမိနိုင်ငံလိုအပ်ချက်နှင့် ကိုက်ညီသည့် နိုင်ငံအတွက် အကျိုးပြုသည့် ပညာရှင်များမွေးထုတ်ပေးနိုင်ရန် လိုအပ်သည့်အချက်များဆွေးနွေးပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပြင် သိပ္ပံနှင့်နည်းပညာကဏ္ဍကို ယခုထက်ပိုမို ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို မဟာဗျူဟာကျကျနှင့် နည်းစနစ်တကျနှင့် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။

တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားတိုးမြှင့်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ဒေသတွင်းတွင် ယှဉ်ပြိုင်ပြီး တိုးတက်ထုတ်လုပ်နိုင်ရန်အတွက် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာရပ်များက အရေးကြီးသကဲ့သို့ အဆင့်မြင့်လုပ်ငန်းစဉ်များနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များသည် ပြောင်းလဲလျက်ရှိသည့် လုပ်ငန်းခွင်နည်းပညာရပ်များနှင့် လိုက်လျောညီထွေပြီး ကျွမ်းကျင်မှုပြည့်ဝစွာနှင့် ဆောင်ရွက်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ် Skillful Workforce ကအဓိက လိုအပ်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ Skillful Workforce ကိုသက်မွေးပညာ TVET Education ကသာလျှင် မွေးထုတ်ဖြည့်ဆည်းပေးနိုင်မှာဖြစ်သည့် အတွက် အထူးအားစိုက်ပြီး အကောင်အထည် ဖော်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း။

အဆင့်မြင့်သိပ္ပံနှင့် နည်းပညာရပ်များကို အကောင်အထည် ဖော်ဆောင်ရွက်နေသည့် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များမှ စွမ်းရည်ပြည့်ဝသည့် အင်ဂျင်နီယာကောင်းများ ကွန်ပျူတာသိပ္ပံပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် Washington Accord, Seoul Accord ကဲ့သို့ နိုင်ငံတကာ အင်ဂျင်နီယာ ပညာရေး သဘောတူညီချက်၏ သတ်မှတ်ချက်များနှင့်အညီ စတင်ပြောင်းလဲဆောင်ရွက်သင့်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများ အနေဖြင့်လည်း Engineering Technicians များအား ဒေသတွင်းယှဉ်ပြိုင်နိုင်သည့် အဆင့်သို့ ပေါ်ထွက်လာစေရေးအတွက် အင်ဂျင်နီယာ နည်းပညာ နိုင်ငံတကာ သဘောတူညီမှုဖြစ်သည့် Dublin Accord ၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာပညာရေး စိစစ်အသိ အမှတ်ပြုမှုကော်မတီ၏ မူဝါဒ၊ စံချိန်စံညွှန်းများနှင့်အညီ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်နှင့် ရွှေပြည်သာ) တွင် စတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စိစစ်မှုခံယူနိုင်ရန် ဦးတည်ဆောင်ရွက်လျက် ရှိသည်ကို သိရှိရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း။

ယင်းနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လျာထားဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များက သိပ္ပံနှင့် နည်းပညာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *