နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည်မြင့်နည်းပညာရှင်များ မွေးထုတ်ပေး

ဧရာဝတီ မတ် ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(မအူပင်)၌ ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းသားများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး အတွက်  လိုအပ်သည်များအား ဖြည့်ဆည်းပေးရန် မှာကြားခဲ့ပါသည်။ ယင်းနောက် တွေ့ဆုံပွဲ၌ ပါမောက္ခချုပ်ဒေါက်တာကျော့ခင်က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်တည်ဆောက်ရာတွင် ပံ့ပိုးပေးမည့် စွမ်းရည်မြင့်အင်ဂျင်နီယာနည်းပညာရှင်များကို မဟာဗျူဟာစီမံကိန်းအတိုင်း စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ လယ်ယာစိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးစေရေး အထောက်အကူပြုမည့် သုတေသနလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန်  မှာကြားကာ တင်ပြမှုများအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဂုဏ်ပြုလက်ဆောင် များကို ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခေတ်မီစာကြည့်တိုက်ဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီး လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနရှိ ကျောင်းသားများက သုတေသနပြုတည်ဆောက်ထားသည့် လျှပ်စစ်စွမ်းအား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးစနစ်ပုံစံငယ်နှင့် လက်တွေ့ခန်းများကိုလည်းကောင်း၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန နှင့် အခြားဌာနတို့မှ လက်တွေ့ခန်းများကို လည်းကောင်း စစ်ဆေးခဲ့ပြီး လက်တွေ့ဆောင်ရွက်မှုများ နှင့် သုတေသနများအတွက် ပစ္စည်းကိရိယာများကို စုံလင်စွာ ဖြည့်ဆည်းထားရှိ၍ လုပ်ငန်းများ ထိရောက်ပီပြင်စွာ ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးကာ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေး အလေးထား ဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(မအူပင်)သို့ ရောက်ရှိပြီး ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ တွေ့ဆုံပွဲ၌ ပါမောက္ခချုပ် ဒေါက်တာသန္တာသိန်းက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြည်သူ့လူမှုစီးပွား  ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးပေးနိုင်ရန်အတွက် မဟာဗျူဟာစီမံကိန်း အတိုင်း အရည်ချင်းပြည့်ဝသော ဒီဂျစ်တယ် ICT နည်းပညာရှင်များအား စဉ်ဆက်မပြတ် မွေးထုတ်သွားရန် တိုက်တွန်းမှာကြားပြီး ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားများမှ သုတေသနပြု ဆောင်ရွက်ထားသော ဘာသာရေး၊ လယ်ယာစိုက်ပျိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး အထောက်အကူပြု မိုဘိုင်းအက်ပလီကေးရှင်းများနှင့်  သုတေသနပြု ဆောင်ရွက်ထားမှုများကို  ကြည့်ရှုစစ်ဆေးပြီး Talent ရှိသော ကျောင်းသားများကို စနစ်တကျ မြေတောင်မြှောက်ပေး၍ လေ့လာမှုများ အဆင်ပြေချောမွေ့စေရေးမှသည် စွန့်ဦးတီထွင်မှုများ တိုးတက်မြင့်မားလာစေရေး ပံ့ပိုးပေးရန်၊ Joint Research များ ဆောင်ရွက်ရန် မှာကြားခဲ့ပြီး   စာကြည့်တိုက်၊ ကွန်ပျူတာ ခန်းများ၊ Language Lab နှင့် တည်ဆောက်ဆဲလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လယ်ယာ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါ၍ ယင်းကို အထောက် အကူပြုမည့်  ကာလတိုသင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးရန်၊ အရည်အသွေးပြည့်မီသည့် ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ပေးရန် မှာကြားခဲ့ကာ ဝန်ထမ်းများ၏ တင်ပြမှုများအား ပေါင်းစပ် ဖြည့်ဆည်းပေးပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် တည်ဆောက်ပြီး အလုပ်ရုံသစ် အတွင်း လက်တွေ့သုံးပစ္စည်းများနှင့် စက်ပစ္စည်းများ ရွေ့ပြောင်းထားရှိမှုနှင့်  တည်ဆောက်ဆဲ လုပ်ငန်းများအား  စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *