ပြည်သူ့လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စွန့်ဦးတီထွင် နည်းပညာများလွှဲ‌ပြောင်းပေး

ရန်ကုန် မတ် ၁၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(ရန်ကုန်)ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

တွေ့ဆုံပွဲ၌  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊  ဒုတိယညွှန်ကြာရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက စီမံကိန်းအောင်မြင်မှုများ၊ နိုင်ငံတကာနှင့် ပြည်တွင်းပူးပေါင်း ဆောင်ရွက်မှုများ၊ အ‌သေးစား၊ အငယ်စားနှင့် အလတ်စား အင်တာပရိုက်များသို့ နည်းပညာလွှဲပြောင်း ပေးမှုများ၊ အမျိုးသားအဆင့် အရည်အ‌သွေးဆိုင်ရာ အခြေခံအဆောက်အအုံလုပ်ငန်းစဉ်များ၊ ဝန်ဆောင်မှုနှင့် ဓာတ်ခွဲခန်း စမ်းသပ်ခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံ့ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် အားထားရသည့် နိုင်ငံတကာအဆင့်မီ သုတေသနဌာနဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးမှသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက် ရာတွင် အထောက်အကူပြုနိုင်မည့် စွမ်းရည်မြင့် သုတေသီရင်းမြစ်များ မွေးထုတ်နိုင်စေရေးနှင့် သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှုများ  တိုးပွားဖြစ်ထွန်းရေး ကြိုးပမ်းစွမ်းဆောင်ကြရန် တိုက်တွန်း မှာကြားပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာရှိ ရေဒါနည်းပညာဆိုင်ရာ သုတေသနဓာတ်ခွဲခန်းတွင် မြေပြင်အခြေစိုက်ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာစမ်းသပ်လေ့လာခြင်း၊ မိုက်ခရိုအီလက်ထရောနစ်နည်းပညာ စမ်းသပ်လေ့လာခြင်းနှင့် ရေဒါစနစ်ကို ဒီဇိုင်းရေးဆွဲပြီး Software ဖြင့် ပုံစံတူပြုလုပ်၍ စမ်းသပ်လေ့လာခြင်း၊ အမျိုးသား ဓာတ်ခွဲခန်းရှိ အီလက်ထရွန် အသုံးပြု၍ အဏုစိပ်ဓာတ်ခွဲတိုင်းတာခြင်း၊ ဓာတုဓာတ်ခွဲဌာန၊ ဒြပ်စင်ဓာတ်ခွဲဌာန၊ ဒြပ်ပစ္စည်းဂုဏ်သတ္တိတိုင်းတာစမ်းသပ်ရေးဌာန၊ ဒြပ်ပစ္စည်းဓာတ်ခွဲဌာန၊ ပြန်ပြည့်မြဲ စွမ်းအင်နှင့် တိကျစွာတိုင်းတာမှုနည်းပညာသိပ္ပံ(မြန်မာ)ရှိ နိုင်ငံတကာအသိအမှတ်ပြု ISO/IEC 17025:2017 လက်မှတ်ရရှိထားသည့် ဓာတ်ခွဲခန်းနှင့် အခြားဓာတ်ခွဲခန်းများ၊ အစားအစာ ဆန်းသစ်တီထွင်မှုဌာန၊ ဓာတုနည်းပညာသုတေသနဗဟိုဌာနတို့ရှိ သုတေသနလုပ်ငန်း ဆောင်ရွက် မှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွန့်ဦးတီထွင်မှုများ၊ ပြည်တွင်းထုတ်ကုန်များ တိုးပွား လာစေရန် လိုအပ်သည့် နည်းပညာများ လွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်းများ တိုးမြှင့်နိုင်ရေး အလေးထားဆောင်ရွက်ရန်၊  တက္ကသိုလ်များနှင့် ကွန်ရက်ချိတ်ဆက်၍ Internship ကျောင်းသား များအား ပိုမိုလက်ခံရန်နှင့် သုတေသနလုပ်ငန်းများကို ထိရောက်ပီပြင်စွာ ပူးပေါင်းဆောင်ရွက် ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *