သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၂၀၂၁ခုနှစ်၊ တရုတ် – အာဆီယံ အသက်မွေးဝမ်းကျောင်းပညာရေးပြပွဲနှင့်ဖိုရမ်တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၂၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ Video Conferencing စနစ်ဖြင့်၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်းပညာရေးပြပွဲနှင့် ဖိုရမ်အား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ Video Message ဖြင့် အမှာစကားပြောကြားခဲ့ပါသည်။

တရုတ်-အာဆီယံသက်မွေးပညာဆိုင်ရာဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကသက်မွေးပညာရေးစနစ်သည် အလုပ်အကိုင်အခွင့်အလမ်းကို ဦးတည်ပြုသော အသက်မွေး‌၀မ်းကျောင်းပညာရေးဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်အတွက် လိုအပ်နေသော ကျွမ်းကျင်မှုအရည်အချင်းများပြည့်၀သည့် လုပ်သားများကို မွေးထုတ်ပေးနိုင်ခြင်းသည် စက်မှုလုပ်ငန်းတိုးတက် ဖွံ့ဖြိုးမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချပေးနိုင်ခြင်းတို့ကို အထောက်အပံ့ပြုပါကြောင်း၊ သို့သော် ယခုအခါ နေ့စဉ်နှင့်အမျှ နည်းပညာအသစ်များ တိုးတက်ပြောင်းလဲဖြစ်‌ပေါ်လျှက်ရှိပါသဖြင့် အချို့သော အသက်မွေး၀မ်းကျောင်းနယ်ပယ်များတွင် အလုပ်အကိုင်သစ်များပေါ်ထွက်လာပြီး ကျွမ်းကျင်မှု အသစ်များလည်း လိုအပ်လာပါကြောင်း၊ သို့ရာတွင်ဤသို့ လုပ်ငန်းခွင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး ဆောင်ရွက်ရာ၌ နိုင်ငံများစွာတွင် စိန်ခေါ်မှုများ ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံမှ အားကောင်းစွာ ပူးပေါင်းပါ၀င်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အစိုးရများ၊ စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုအသိုင်းအဝိုင်းများ၏ အမြင်များ၊ ပံ့ပိုးကူညီမှုများ၊ ရန်ပုံငွေထောက်ပံ့မှုများသည် သင့်လျော်သည့် သက်မွေးပညာရေးစနစ်ကို ချမှတ်ဆောင်ရွက်ရန် အဓိက လိုအပ်ချက်ဖြစ်ပါကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုသည် အဆိုပါကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန်အတွက် နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်းပညာရေးပြပွဲနှင့် ဖိုရမ်သည် ဒေသတွင်းစီးပွားရေးကို ပိုမိုတိုးမြှင့်ပူးပေါင်း လုပ်ဆောင်ရန်နှင့် အရည်အချင်းပြည့်၀သော လုပ်သားများပေါ်ထွက်လာစေရန် အထောက်အပံ့ပြုသဖြင့် ကြိုဆိုပါကြောင်း၊ ဤဖိုရမ်သည် တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်းပညာရေး ရေရှည်ပူးပေါင်း ဆောင်ရွက်မည့် နည်းလမ်းများကို မြှင့်တင်ရန်၊ အလေ့အကျင့်ကောင်းများကို ဝေမျှဆွေးနွေးရန် ပုံစံအမျိုးမျိုးဖြင့် အသေးစိတ်လက်တွေ့ကျကျ လေ့လာဆန်းစစ်ဆွေးနွေးကြမည်ဟု မျှော်လင့်ပါကြောင်း၊ တရုတ်နှင့်အာဆီယံတို့၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ဤဖိုရမ်သည် အပြန်အလှန်လေ့လာသင်ယူမှုကို မြှင့်တင်သည့် ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်းများကိုပြသပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ရလဒ်များအတွက် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်မည်ဟု မျှော်လင့်ပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ အာဆီယံနိုင်ငံများမှ ပညာရေးဆိုင်ရာအရာရှိများနှင့်ကွမ်းရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှတာဝန်ရှိသူတို့မှ အမှာစကားများအသီသီးပြောကြားခဲ့ပါသည်။

တရုတ်- အာဆီယံသက်မွေးပညာဆိုင်ရာဆွေးနွေးပွဲသို့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ဘရုနိုင်းဒါရုစလင်နိုင်ငံတို့မှ ပညာရေးနှင့်သိပ္ပံနှင့်နည်းပညာဆိုင်ရာ ၀န်ကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများရှိ ကောလိပ်(၁၀၀)ကျော်မှ ကိုယ်စားလှယ်များနှင့် တရုတ်-အာဆီယံ သက်မွေးပညာသင်တန်းသားများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းတို့လည်း Video Conferencing စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *