အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၅

အလုပ်အကိုင်ကျွမ်းကျင်မှု‘စံ’သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ဆက်စပ်ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်သည်။

    ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်က  “စက်မှုဇုန်များ စံပြဖြစ်စေရေးအတွက် Skill Labour များ အား အဆင့်လိုက် Certificate ထုတ်ပေးနိုင်ရေးဆောင်ရွက်ရန်၊ စက်ရုံအားလုံး မှတ်ပုံတင်နိုင်ရန်နှင့် SME လုပ်ငန်းများ စနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်”ဟု လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ ထို့ကြောင့် နေပြည်တော်တွင်ရှိသည့် စက်မှုလုပ်ငန်းများ၌ လုပ်ကိုင်နေသည့် လုပ်သားများကို အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရန်  စက်ရုံရှိ အလုပ်သမားများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုတို့ကိုသိရှိရနအတွက် လုပ်သားများ၏ စက်မှုသန်းခေါင်စာရင်းကောက်ယူခြင်းကို ကနဦးလုပ်ငန်းစဉ်အဖြစ်  ဆောင်ရွက်ခဲ့ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၌ စက်မှုလုပ်ငန်း အကြီး၊ အလတ်၊ အငယ် စုစုပေါင်း (၆၆၈)ခုရှိပြီး စက်မှုလုပ်ငန်း (၄၁၂)ခုမှ လုပ်သား (၃၃၃၀)ဦးတို့အား လုပ်ငန်းအုပ်စုအလိုက် အလုပ်သမားများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုတို့ကို ကွင်းဆင်း၍ စနစ်တကျစာရင်းကောက်ယူခဲ့ကြောင်း၊ အဆိုပါလုပ်သားများအနက် ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရရှိပြီးသူ(၁၅)ဦး၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်သူ (၈၈၅)ဦးရှိပြီး ကျန်ရှိလုပ်သား (၂၄၄၅) ဦးတို့အား အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆက်လက်ညှိနှိုင်း ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊  အထည်ချုပ်စက်ရုံများမှ အထည်ချုပ် လုပ်သား (၄၄၆)ဦးကိုလည်း NSSA အသိအမှတ်ပြု လက်မှတ်ပေးအပ်နိုင်ရန် Assessment Center အသိအမှတ်ပြုခြင်း၊ စစ်ဆေးအကဲဖြတ်ပေးခြင်း၊ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးခြင်းတို့ကို ဦးစွာပထမ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority – NSSA) နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြေပြင်စာရင်းကောက်ယူမှုအရ “စံ”သတ်မှတ်ထားခြင်း မရှိသေးသည့် အလုပ်အကိုင်(၃၂) မျိုးတွင် လုပ်ကိုင်နေသောလုပ်သား(၂၄၄၅) ဦးရှိသဖြင့် ကျွမ်းကျင်မှု”စံ”ရေးဆွဲရခြင်း မရှိသေး အလုပ်အကိုင်များကိုလည်း ဖော်ထုတ်နိုင်ပြီး ကျွမ်းကျင်မှု”စံ”များ ရေးဆွဲခြင်း၊ စစ်ဆေး အကဲဖြတ်ခြင်း၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနရှိ စက်မှုသင်တန်းကျောင်းများ အနေဖြင့် စက်မှုလုပ်ငန်းများတွင် အမှန်တကယ်လိုအပ်သော အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှု”စံ”များနှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းများရေးဆွဲပြီး ကာလတိုသင်တန်းများနှင့် တစ်နှစ်သင်တန်းများကို ဖွင့်လှစ်သင်ကြား၍ လုပ်ငန်းခွင်ဝင်နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် စစ်ဆေးအကဲဖြတ်ခြင်း၊ အလုပ်အကိုင်အလိုက် “စံ” သတ်မှတ်ခြင်း၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” များ သတ်မှတ်ရေးဆွဲခြင်းတို့ဆောင်ရွက်ရန်အတွက် ကော်မတီများဖွဲ့စည်းရန်လိုအပ်ပါက ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးပါရန် ပြောကြားသည်။
    ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ စက်မှုဇုန်များ စံပြဖြစ်စေရေးအတွက် Skill Labour များအား အဆင့်လိုက် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး ကိစ္စရပ်များကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ စက်မှုဝန်ကြီးဌာနအနေဖြင့် စက်မှု လုပ်ငန်းများကို မှတ်ပုံတင်ရန်နှင့် SME လုပ်ငန်းများ စနစ်တကျရှိစေရေးတို့ကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ဖြစ်၍ အလုပ်အကိုင်ကျွမ်းကျင်မှုရှိစေရေးနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်း ကိစ္စရပ်များကို အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အလုပ်အကိုင်ကျွမ်းကျင်မှု “စံ”သတ်မှတ်နိုင်ရေးနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းကိစ္စရပ်များကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသော လုပ်သားများ၏ အရည်အချင်းများကို သိရှိသည့်အတွက် လုပ်ငန်းအလိုက် ကျွမ်းကျင်မှုရှိစေရေး လေ့ကျင့်ပျိုးထောင်နိုင်သဖြင့် ထုတ်ကုန်အရည်အသွးများ တိုးတက်လာခြင်း၊ ဈေးကွက်ယှဉ်ပြိုင်ရောင်းချနိုင်မှု ပိုမိုအားကောင်းလာခြင်းနှင့် လုပ်သားများ၏ လုပ်ခလစာများ တိုးတက်ရရှိခြင်းတို့ကြောင့် လုပ်သားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် လုပ်သားများနှင့်ပတ်သက်၍ မှန်ကန်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ကျွမ်းကျင်လုပ်သားများအတွက် အသိအမှတ်ပြု လက်မှတ်များကိုလည်း စစ်ဆေးအတည်ပြု ထုတ်ပေးလျက်ရှိပါကြောင်း၊ စက်မှုဇုန်ရှိလုပ်သားများအတွက် ကျွမ်းကျင်မှု “စံ”သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရေး ဆိုင်ရာကိစ္စရပ်များနှင့် စံသတ်မှတ်မှု မရှိသေးသော လုပ်ငန်းများအတွက် စံသတ်မှတ်နိုင်ရေး ကိစ္စရပ်များကို အပြည့်အဝပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် Assessment Center  ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ 
အစီအစဉ်အရ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဆက်စပ်ဝန်ကြီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များက ဝန်ကြီးဌာနအလိုက် အလုပ်အကိုင်ကျွမ်းကျင်မှုဆိုင်ရာ “စံ” သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိသည့်အခြေအနေများနှင့် “စံ”သတ်မှတ်မှု မရှိသေးသော လုပ်ငန်းများအတွက် “စံ”သတ်မှတ်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ  တက်ရောက်လာကြသည့် ဝန်ကြီးဌာန ကိုယ်စားလှယ်များက အမြင်ချင်း ဖလှယ် ဆွေးနွေးညှိနှိုင်းကြပြီး ပြည်ထောင်စုဝန်ကြီးများက နိဂုံးချုပ်အမှာစကား အသီးသီး ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

Leave a Reply

Your email address will not be published. Required fields are marked *