မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၁၃

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov ၊ Russian State Atomic Energy Corporation “ROSATOM” ၏ Deputy Director General Mr. Spasskiy Nikolay နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာ ဒီဗော့စတော့မြို့၌ စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလအတွင်း စက်တင်ဘာ ၆ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ The State Atomic Energy Corporation Rosatom တို့အကြား Road Map ကို လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ထို့ပြင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့တွင်ကျင်းပသည့် ATOMEXPO- 2022 ကာလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံရေးဦးစီး ဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rusatom Energy Projects, Joint Stock Company တို့သည် ရုရှား-မြန်မာ Small Modular Reactor (SMR) Projects အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆောင်ရွက်ရန်၊ NDA ကို နိုဝင်ဘာ ၂၁ ရက်တွင်လည်းကောင်း၊ MOU ကို နိုဝင်ဘာ ၂၂ ရက်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ယခုကဲ့သို့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စဉ်ဆက်မပြတ် တိုးတက် ဆောင်ရွက်ရေးအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအား လေ့လာမှုကို အထောက်အကူဖြစ်သော ကနဦးနေရာများကို ကြည့်ရှုလေ့လာဆွေးနွေးခြင်းတို့ ဆောင် ရွက်ခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ဖြစ်မြောက်နိုင်စွမ်း လေ့လာနိုင်ရေးအတွက် လိုအပ်သော Terms of Reference (TOR) ကိုလည်း ယနေ့တွင် လက်မှတ်ရေးထိုးမည် ဖြစ်ပါကြောင်း။

ဆက်လက်ပြီးလည်း SMR အတွက် ကနဦး လေ့လာဆန်းစစ်ချက်များတွင် လိုအပ်သော အခြေခံအချက်အလက်များကိုလည်း Working Group အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများလည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ROSATOM မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအတွင်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သော လေအားလျှပ်စစ်၊ အသေးစား ရေအားလျှပ်စစ်များကို လည်း မြေပြင်တွင် သွားရောက်လေ့လာ ကြည့်ရှုဆောင်ရွက်ကြပြီးဖြစ်ပါကြောင်း၊ အထူးသဖြင့် လေအားလျှပ်စစ်ထုတ်လုပ်မှုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာနိုင်ငံ၌ အလားအလာကောင်းများရှိသော နေရာခြောက်ခုတွင် စုစုပေါင်း မဂ္ဂါဝပ် ၈၁၀၀ ကျော်ခန့် ထုတ်လုပ်နိုင်ကြောင်း စူးစမ်းလေ့လာထားမှုအရ သိရှိရသဖြင့် ROSATOM အနေဖြင့် လေအား လျှပ်စစ်ထုတ်လုပ်မှုတွင် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး အထူးအလေးထားဆောင် ရွက်စေလိုပါကြောင်း၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့် (၇၅) နှစ်မြောက်ကာလအတွင်း မိမိတို့နိုင်ငံကို ယခုကဲ့သို့ ကူညီဆောင်ရွက်ခဲ့မှုကိုများစွာ အသိအမှတ်ပြုပါကြောင်းနှင့် အနာဂတ်တွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်း ထားပါကြောင်း ပြောကြားသည်။

ယင်းနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘောထား အမြင်များရရှိစေရန်အတွက် အရေးပါသည့် နည်းပညာ ဆိုင်ရာ အသိပညာ ပြန့်ပွားရေးလုပ်ငန်းများတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်သည့် “ROSATOM” မှ ကျွမ်းကျင်သူများသည် အရည်အချင်းပြည့်ဝစွာဖြင့် ပူးပေါင်းသွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်းနှင့် မိမိတို့အနေဖြင့်လည်း “ROSATOM” မှ ကျွမ်းကျင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ အပြည့်အဝပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Russian State Atomic Energy Corporation “ROSATOM” ၏ Deputy Director General Mr. Spasskiy Nikolay က မိမိတို့အနေဖြင့် အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း တည်ဆောက်ခြင်းတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ကာလကြာရှည်စွာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းနှင့် ပတ်သက်၍လိုအပ်သော သဘောတူစာချုပ်များ ဆက်လက်ရေးထိုးနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့် ကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov က နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေရှည်စီမံကိန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ယခုဆောင်ရွက်မည့် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းသည်တည်ဆောက်ချိန် ကြာမြင့်မှုမရှိဘဲ ရေရှည် လည်ပတ်မောင်းနှင် နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံကိုယ်စား “ROSATOM” တို့အကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (IGA) မူကြမ်းကို လည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rusatom Energy Project, Joint Stock Company တို့အကြား အသေးစား အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းအတွက် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ (Terms of Reference – TOR) ကို လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အဏုမြူစွမ်းအင် ဦးစီးဌာနနှင့် Rosatom International Network တို့အကြား Joint Communication Plan for increasing public acceptance of atomic technologies in Myanmar ကိုလည်းကောင်း နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုးကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Leave a Reply

Your email address will not be published. Required fields are marked *