အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers (ToT) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ နည်းပညာကောလိပ်၊ သိပ္ပံနှင့် ကျောင်းများရှိ Electric Vehicles (EV) နည်းပညာနှင့် ဆက်စပ်သည့် နယ်ပယ်များရှိ သင်ကြားရေးဆရာ၊ ဆရာမများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ထမ်းများအတွက် EV မော်တော်ယာဉ် နည်းပညာများဆိုင်ရာ အသိပညာဗဟုသုတများနှင့် ကျွမ်းကျင်မှုများ ဖြည့်ဆည်းပေး နိုင်ရေးအတွက် “လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers (ToT) သင်တန်းဖွင့်ပွဲအခမ်းအနား” ကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့ နံနက် (၉ ၀၀)နာရီအချိန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားအား စတင်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုးက လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers (ToT) သင်တန်းနှင့်စပ်လျဉ်း၍ သင်ကြားဆောင်ရွက်မည့် ဘာသာရပ်ဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီး စာတွေ့၊ လက်တွေ့ သင်ကြားမည့် အလုပ်ရုံရှိ Electric Vehicles နှင့် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှု့ လေ့လာ ခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ (၁၃) ဦး၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနမှ(၂)ဦး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ(၃)ဦး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ(၆)ဦး စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် လျှပ်စစ် သုံးယာဉ်ဆိုင်ရာ Theory of Automobile၊ EV Drive Structure၊ EI Rules and Regulation၊ Basic Electronic and Inverter/Converter Technology၊ Sensor and Networking Technology နှင့် UN ECE R100 Regulation စသည့် သင်ခန်းစာ အကြောင်းအရာများအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ  (၁၅-၁၂-၂၀၂၂)ရက်နေ့မှ (၁၂-၁-၂၀၂၃)ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ခန့် ကြာမြင့်မည်ဖြစ်ပါ သည်။

ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရ နည်းပညာကောလိပ်၊ သိပ္ပံနှင့်ကျောင်းများမှ  ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဌာနမှူးဆရာ၊ ဆရာမများနှင့်  ဖိတ်ကြားထားသည့် အဖွဲ့အစည်းများမှ ဧည့်သည်တော်များအပါအဝင် စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *