ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့်ဒေါက်တာမျိူးသိန်းကျော်တို့ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ Sanit Petersburg ရှိ Leningrad  Nuclear Power Plant (NPP) ၊  Power Machines  နှင့် Konstantinovsky  Palace များသို့သွားရောက်လေ့လာ

နေပြည်တော်၊ နိုဝင်ဘာ   ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၇ ရက်တွင်  Sanit Petersburg ရှိ Leningrad  Nuclear Power Plant (NPP) ၊  Power Machines  နှင့် Konstantinovsky  Palace များသို့ သွားရောက် လေ့လာကြသည်။

ဉီးစွာ ပြည်ထောင်စုဝင်ကြီးများ ဖြစ်ကြသည့်  ဦးသောင်းဟန်နှင့် ဒေါက်တာမျိုးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် Leningrad  Nuclear Power Plant (NPP)  သို့ ရောက်ရှိကြရာ အစည်းဝေးခန်းမတွင် စက်ရုံမှူး Lavrentiyev Pavel နှင့်တာဝန်ရှိသူများက  စက်ရုံ၏ စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များ၊  Atomic Energy ကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာများ၊ ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ နျူကလီးယား နည်းပညာများနှင့် ပါတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် အသုံးပြုဆောင်ရွက်နေမှုများ၊ နျူကလီးယားနည်းပညာကို သုတေသနလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ခြင်းများ စသောကဏ္ဍများစွာတွင် အသုံးပြုလျက်ရှိသည့် အခြေအနေများ၊ ပြည်ပရှိ Atomic Station များအား ထိန်းချုပ် ဆောင်ရွက်ပေးနေမှုများ၊ Leningrad Nuclear  Power Plant ( NPP )အနေဖြင့်  Sanit Petersburg  မြို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊  နျူကလီးယားစွမ်းအင် အသုံးပြုဆောင်ရွက်နေမှုများအပေါ် ဒေသခံပြည်သူများ၏ ယုံကြည်စိတ်ချလက်ခံနိုင်မှု အခြေအနေများ၊  နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ် အားဖြင့် လူမှုဘဝအတွက်များစွာ အထောက်အကူ ပြုနေမှုများ၊  စက်ရုံဝန်းအတွင်းရှိ ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် အဆိုပါ ဝန်ထမ်းများနှင့် မိသားစုများ အတွက် ပညာရေး၊ ကျန်းမားရေး စသည်ဖြင့် လိုအပ်သည်များ စီမံဆောင်ရွက်ပေး ထားမှုများနှင့် သဘာဝပါတ်ဝန်းကျင်အား လုံခြုံစိတ်ချရမှုပိုင်း ဆိုင်ရာများနှင့် ပါတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးများက အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီး ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည့် ကဏ္ဍများနှင့် ပါတ်သက်၍ ဆွေးနွေကြပြီ သိရှိလိုသည်များ အသေးစိတ် မေးမြန်းကြသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  စက်ရုံအတွင်း Water Water   Energetic Reactor (V.V.E.R) – 1200 ပါဝါယူနစ်၏  Block Control Panel လုပ်ငန်းဆောင်ရွက်မှုများ၊ တာဘိုင်ခန်းမ (Inspection of the turbine hall)  ၊ ထိန်းသိမ်းမောင်းနှင်ရေး ခန်းမနှင့် ဓာတ်အားပေးစက် (Generator)  လည်ပါတ်နေမှုများအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းကြရာ  သက်ဆိုင်ရာ ကဏ္ဍတစ်ခုခြင်းစီအလိုက် တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။

အဆိုပါ Leningrad (Newear Power Plant) NPP သည် Sanit Petersburg မြို့၏ အနောက်တောင်ဖက် ကီလိုမီတာ ၈၀ အကွာတွင်တည်ရှိပြီး 1000 MW အား ထုတ်လုပ်ပေးလျက်ရှိပြီး Sanit Petersburg မြို့၏ ဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက်ရှိသည်။  စက်ရုံစတင် လည်ပါတ်ခဲ့သည်မှာ နှစ်ပေါင်း ၄၉ နှစ်ကြာရှိပြီး အဆိုပါကာလအတွင်း ထိခိုက်မှုတစ်စုံတရာမျှမရှိပဲ ကောင်းစွာ လည်ပါတ်ခဲ့ပြီး ယခုချိန်အထိ သဘာဝပါတ်ဝန်းကျင်ရှိ ရေထု၊ လေထု အတွင်း မည်သည့် Radation မျှမရှိဘဲ သဘာဝအတိုင်း ပကတိတည်ရှိနေကြောင်း အမြဲ စမ်းစစ်လေ့လာမှုများအရသိရသည်။ ထို့ပြင် 1200 MW နှစ်လုံးကိုလည်း တိုးချဲ့ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်  Power Machines ကုမ္ပဏီ၏ Leningrad  Metal Machine စက်ရုံသို့သွားရောက် လေ့လာကြရာ စက်ရုံမှ ဒုတိယစက်ရုံမှူး Ivan Grosse မှ စက်ရုံဆိုင်ရာများနှင့်ပါတ်သက်၍ ရှင်းလင်း တင်ပြပြီး သိရှိလိုသည်များအသေးစိတ် မေးမြန်းပြီး  စက်ရုံအတွင်း ဓာတ်အားပေးစက်များ ထုတ်လုပ် နေမှုများကို လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြ သည်။

အဆိုပါ Power Machines ကုမ္ပဏီသည် ရေအားနှင့် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံ များတွင် အသုံးပြုလျက်ရှိသော Turbine များကို အဓိက ထား ထုတ်လုပ်လျက်ရှိသည်။ ကုမ္ပဏီအား ၁၉၄၂  မှ စတင်လည်ပါတ်ခဲ့ပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံကိုလည်း လိုအပ်သော ဓာတ်အားပေးစက်များ ထုတ်လုပ် ရောင်ချ ပေးလျက်ရှိသည်။ ကမ္ဘာ့အဆင့်တွင် စတုတ္ထမြောက် အကြီးမားဆုံး ထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး ရုရှားနိုင်ငံ၏ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများ၏  တပ်ဆင် အသုံးပြုလျက်ရှိသော စက်များ၏ ၇၀ ရာခိုင်နှုန်းကို Power Machines မှ ထုတ်လုပ် ပေးထားကြောင်းသိရသည်။ နည်းပညာပိုင်းအကူအညီနှင့်  Design များ ဆောင်ရွက်ပေးခြင်းနှင့် ဓာတ်အားပေးစက်များတပ်ဆင်ခြင်းအတွက် အကြံဉာဏ်ပေးခြင်း၊ ဖြစ်ပေါ်လာသည့် အခက်အခဲများအား ကူညီဖြေရှင်းပေးခြင်း များကို အဓိက ထားဆောင်ရွက်ပေးနေသော ကုမ္ပဏီတစ်ခု ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း အလားအလာကောင်းများရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည်  Konstantinovsky  Palace သို့ သွားရောက်၍ နန်းတော်အတွင်းရှိ ပြခန်းများအား ကြည့်ရှုလေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြခဲ့ကြကြောင်း သတင်းရရှိသည်။                   (သတင်းစဉ်)   

Leave a Reply

Your email address will not be published. Required fields are marked *