ပြည်သူ့ရေရှည်အကျိုးအတွက် EV ပညာရှင်များ မွေးထုတ်ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ ၁၃

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ် ထားသော မူဝါဒ၊ ညွှန်ကြားချက်များအရ – ပြည်သူများအတွက် ရေရှည်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ကို ဖော်ဆောင်ပေးနိုင်ရန်၊ လေထုလွှာအတွင်းသို့ ဖန်လုံအိမ်အာနိသင်ထုတ်လွှတ်မှုလျှော့ချပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိနိုင်ရန်နှင့် ပြည်သူများ၏ ကောင်းမွန်သော ကျန်းမာရေးအတွက် လေထုလွှာညစ်ညမ်းမှုလျှော့ချနိုင်စေရန်၊  နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ရင်ပေါင်တန်းကာ ပြည်သူများ လျှပ်စစ်သုံးယာဥ်များ အဆင်ပြေပြေ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက်  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် လျှပ်စစ်သုံးယာဥ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လိုအပ်သည့် သုတေသနဖွံ့ဖြိုးရေး၊ နည်းပညာပြန့်ပွားရေးနှင့် အရည်အသွေးပြည့်မီသော ကျွမ်းကျင်ပညာရှင်များကို စဥ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ၁၅-၁၂-၂၀၂၂ ရက်နေ့မှ စတင်၍ လျှပ်စစ်သုံးယာဉ် (Electric Vehicle-EV)သင်တန်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယခုလ ၁၂ ရက်နေ့က အဆိုပါသင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းထားမှုများနှင့် ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် တစ်ချပ်လျှင် 550 ကီလိုဝပ် လျှပ်စစ်စွမ်းအားနှုန်းရှိသော ဆိုလာမော်ကျူး ၈၈ ချပ် တပ်ဆင်ထားသည့် ဆိုလာကားပါကင်စနစ်သုံး လျှပ်စစ်သုံးယာဉ်အားသွင်းစနစ်ရှိ အိမ်သုံး ၇ ကီလိုဝပ် Single-Phase     AC Type 2 Charger မှ လျှပ်စစ်သုံးယာဉ်တစ်စီးကို အားသွင်းနေမှု အခြေအနေများနှင့် ၂၂ ကီလိုဝပ် Three-Phase AC Type 2 Charger တို့ကို စစ်ဆေးပြီး ပြန်ပြည့်မြဲစွမ်းအင်ဖြစ်သော ဆိုလာနှင့် ဓာတ်အားကွန်ရက်စနစ် (Grid)တို့ ပေါင်းစပ်ပြီး Hybrid System ဖြင့်  လျှပ်စစ်သုံးယာဉ်အားသွင်းစနစ် တပ်ဆင်ထားသဖြင့် Grid အတွက်  ရုပ်ကြွင်းလောင်စာအသုံးပြုရမှုများ၊ ကာဗွန်ထုတ်လွှတ်မှုများကို လျှော့ချနိုင်ရုံမျှမက အခြားရေရှည်အကျိုးကျေးဇူး များစွာကိုပါ ရရှိနိုင်ကြောင်း၊ ထုတ်ယူသည့် Power Quality ကောင်းမွန်စေရေး ပုံမှန်ဆောင်ရွက်ရန်နှင့် အခြား လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်သုံးယာဉ်သင်တန်းဆိုင်ရာ အလုပ်ရုံတွင် ဆိုလာစနစ်မှ Data Logger ၊ Single-Phase Off-Grid နှင့် Three-Phase Hybrid အင်ဗာတာများ၊ ဘက်ထရီများနှင့် Battery Management System တို့ တပ်ဆင်သုံးစွဲမှု၊ ၆၀ ကီလိုဝပ် Level-3 DC Charger တပ်ဆင်ထားမှုအခြေအနေ၊ လျှပ်စစ်သုံးယာဥ်သင်တန်း အလုပ်ရုံ ပြင်ဆင်မွမ်းမံနေမှုနှင့် စက်မှုအင်ဂျင်နီယာဌာနအလုပ်ရုံကို အကြီးစားပြင်ဆင်နေမှုများ၊ ကျောင်းဝန်းတွင်း ပြုပြင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်စစ်ဆေးကာ  လိုအပ်သည်များကို မှာကြားသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် TOT သင်တန်း အပတ်စဉ်လေးခုမှ သင်တန်းဆင်း ၇၄ ဦး၊ TOT မွမ်းမံသင်တန်းတစ်ခုမှ သင်တန်းဆင်း ၁၅ ဦး၊ EV ဆိုင်ရာ ပုံမှန်ဆင့်ပွားသင်တန်း နှစ်ခုမှ သင်တန်းဆင်း ၇၅ ဦးနှင့် လျှပ်စစ်သုံးယာဉ်(EV)စစ်ဆေးရေး အထောက်ကူပြုသင်တန်းမှ သင်တန်းဆင်း ၃၉ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကာ လျာထားစီမံချက်အတိုင်း သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *