ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ အောက်တိုဘာ ၁၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ၉ ကြိမ်မြောက် “ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား ၂၀၂၁” ကို အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်မိန့်ခွန်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားရာတွင် ဤအခမ်းအနားကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့   (International Organization for Standardization-ISO) တည်ထောင်ခြင်း၏ (၇၄) နှစ်မြောက်အခမ်းအနားကို ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ၁၉၇၀ ခုနှစ်၊ အောက်တိုဘာ (၁၄) ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ (International Organization for Standardization-ISO)၊ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်နည်းပညာကော်မရှင် (International Electro technical Commission- IEC) နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးသမဂ္ဂ (International Telecommunication Union-ITU) စသည့်အဖွဲ့အစည်းတို့မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများ အရေးပါပုံကို မီးမောင်းထိုးပြနိုင်ရန်၊ ကမ္ဘာ့အဆင့်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာဖလှယ်မှုများနှင့် ဆန်းသစ်တီထွင်မှုများ မြှင့်တင်ရာတွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ နိုင်ငံတကာ၊ ဒေသတွင်းနှင့် အမျိုးသားအဆင့် စံသတ်မှတ်ချက်များတွင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိသည့် စံချိန်စံညွှန်းသတ်မှတ်ခြင်း ဆိုင်ရာ နယ်ပယ်များတွင် တာဝန်ယူဆောင်ရွက်နေသော ပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုရန်၊ ကုန်စည်၀န်ဆောင်မှုများနှင့် ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရန်နှင့် စံချိန်စံညွှန်းများဖြင့် ကိုက်ညီစွာထုတ်လုပ်ရာတွင် ပညာရှင်များ၏ ကြိုးပမ်းမှုရလဒ်များကို ချီးကျူးရန်အတွက် ကျင်းပခြင်းလည်းဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့စံချိန် စံညွှန်းနေ့အခမ်းအနားအတွက် ရွေးချယ်ခဲ့သည့်ဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်သောကမ္ဘာကြီးအတွက် အမြင်မျှဝေခဲ့ခြင်း” (Shared Vision for a Better World) ဖြစ်ပြီး ဤဆောင်ပုဒ်အရ ပိုမိုကောင်းမွန်သော၊ တရားမျှတ၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာတစ်ခုရရှိရန်မျှော်မှန်း၍ ပျော်ရွှင်နိုင်ပြီး အနာဂတ်မျိုးဆက်များအတွက် ကာကွယ်ပေးသော ကမ္ဘာကြီးအား တည်ဆောက်ရန် (Standards for SDGs) အရ ရည်ရွယ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား Video ပြသခြင်း၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနနှင့် နည်းပညာဆပ်ကော်မတီ တို့မှ ကိုယ်စားလှယ်များက အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍ၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်ချက်များနှင့် နည်းပညာဆပ်ကော်များ၏ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ကိုယ်စားလှယ်များ၊   သက်ဆိုင်ရာအသင်းအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်းလူဦးရေ ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်းသိရပါသည်။  

Leave a Reply

Your email address will not be published. Required fields are marked *