စံချိန်စံညွှန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

မြန်မာနိုင်ငံ၏ အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်း စေရေးအတွက် စံချိန်စံညွှန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင် ကျင်းပခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီ၊ ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီ(၂၅)ခုမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊  သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ စုစုပေါင်း လူဦးရေ(၅၀) ဦးခန့် (Hybrid Mode) အစီအစဉ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။          

ပြည်ထောင်စုဝန်ကြီးက စံချိန်စံညွှန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက် နေသည့် နည်းပညာဆပ်ကော်မတီ၏ စံချိန်စံညွှန်းချမှတ်ခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ ကော်မတီအဆင့် ဆွေးနွေးလျှက်ရှိသည့် မြန်မာစံချိန်စံညွှန်း (မူကြမ်း) များအား နောက်ဆုံးမူကြမ်းရရှိအောင် ဆောင်ရွက်ရန်၊  မိမိနိုင်ငံမှ ထုတ်လုပ်သော ပစ္စည်းများနှင့် တင်သွင်းလာသည့် ပစ္စည်းများကို စံချိန်စံညွှန်းများနှင့် အရည်အသွေး ကိုက်ညီစွာ စစ်ဆေးနိုင်ရန်အတွက် ဓာတ်ခွဲခန်းများ၊ စစ်ဆေးသည့်အဖွဲ့အစည်းများကို အပြည်ပြည်ဆိုင်ရာ အသိအမှတ် ပြုရရှိရန်အတွက် အဆင့်မြှင့်တင်နိုင်ရန်၊  စားသုံးသူ၊ သုံးစွဲသူများဘေးအန္တရာယ် ကင်းရှင်းလုံခြုံစိတ်ချရပြီး ကုန်သွယ်မှုဆိုင်ရာ နည်းပညာ အတားအဆီးများကို လျော့ချနိုင်ရန် တို့အတွက် စံချိန်စံညွှန်းများချမှတ် သုံးစွဲနိုင်မည့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးရန်  ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်  သက်ဆိုင်ရာနည်းပညာဆပ်ကော်မတီဥက္ကဋ္ဌများမှ မြန်မာစံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် နည်းပညာ ဆပ်ကော်မတီအလိုက် ဦးစားပေးစံချိန်စံညွှန်းများကို ဆက်လက်ချမှတ်နိုင်ရန်၊ မြန်မာ စံချိန်စံညွှန်းများကို အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အာဆီယံစံချိန်စံညွှန်းများနှင့် တစ်ပြေးညီ စံချိန်စံညွှန်းများချမှတ်နိုင်ရန်၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ စစ်ဆေးပေးနိုင်မည့် အသိအမှတ်ပြု ဓာတ်ခွဲခန်းများ ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ သုံးစွဲသူများဘေးကင်းလုံခြုံမှုအတွက် မြန်မာစံချိန်စံညွှန်းများအား အသုံးပြုမှုမြှင့်တင်နိုင်ရန်နှင့် ပို့ကုန်တိုးမြင့်ရေးကို အထောက်အကူ ပြုနိုင်ရန် Certification Body များ တည်ထောင်ဆောင်ရွက်သွားရန်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အမျိုးသားစံချိန်စံညွှန်းကောင်စီ ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *