ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ် များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များနှင့်တွေ့ဆုံ

နေပြည်တော် မတ် ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ် များနှင့် ကွန်ပျူတာတက္ကသိုလ်များရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြရန်နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးသင့်သော လုပ်ငန်းစဉ်များကို အကြံပြုချက် ပေးကြစေလိုပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် ပင်မတာဝန်များ ထမ်းဆောင်ရာတွင် အခြေခံ အကျဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း ဥပဒေများ ခိုင်ခိုင်မာမာရှိပြီး စနစ်တကျ အသုံးချရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ်ပြီးဖြစ်သည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး ပံ့ပိုးပေးနိုင်မည့်  အရည်ချင်းပြည့်ဝသော လူ့စွမ်းအားအရင်း အမြစ်များအား စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ လိုအပ်ပါကြောင်း၊ ရည်မှန်းချက် တာဝန်အပေါ် အခြေခံ၍ ရေရှည်မျှော်မှန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အမှာစကားပြောကြားရာတွင် တက္ကသိုလ်များ၏ လုပ်ငန်းများဆောင်ရွက်ရာတွင် ICT နည်းပညာကို တွင်ကျယ်စွာ အသုံးပြု ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Infrastructure များ ဖြည့်ဆည်းဆောင်ရွက်ရာတွင်လည်း စနစ်တကျ စီမံချက်များ ချမှတ်ဆောင်ရွက်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လိုအပ်ချက် များကို ဆွေးနွေးရန်လိုအပ်ပါကြောင်းပြောကြားခဲ့သည်။ ယင်းနောက် အဆင့်မြင့် သိပ္ပံနှင့်နည်း ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များ၏ လုပ်ငန်းစဉ်များကို တင်ပြခဲ့ပြီး တက်ရောက်လာကြသော ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များက လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကြရာ ဆွေးနွေးတင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *