သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (၇၅) နှစ်မြောက်စိန်ရတုအထိမ်းအမှတ်အခမ်းအနား

နေပြည်တော် ဒီဇင်ဘာ ၂၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (၇၅) နှစ်မြောက်စိန်ရတုအထိမ်း အမှတ်အခမ်းအနားကို ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ သုတေသနနှင့်ဖွံဖြိုးရေးလုပ်ငန်းများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေဖို့ လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်နေမှုများ၊ နည်းပညာလွှဲပြောင်းခြင်းများ၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ လူ့စွမ််းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာမူဝါဒများကို ပံ့ပိုးပေးနိုင်ရန်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်အတွက် စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ အသိအမှတ်ပြုခြင်း၊ တိကျစွာတိုင်းတာခြင်းနည်းပညာ၊ အရည်အသွေး ထောက်ခံချက်ထုတ်ပေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည့်လုပ်ငန်းများကို  သုတေသီများ၊ ပညာရှင်များမှ  စဉ်ဆက်မပြတ်လက်ဆင့်ကမ်းကြိုးပမ်း‌ဆောင်ရွက်လာခဲ့ပါကြောင်း၊  ယခုအခါတွင် ဦးစီးဌာနအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုသော သုတေသနလုပ်ငန်းများနှင့် နည်းပညာဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်မှာ  စိန်ရတုအထိမ်းအမှတ် (၇၅) နှစ်ပြည့်ခဲ့ပြီဖြစ်ပါကြောင်း  တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းအရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုမှတ်တမ်းတင်ခြင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား အားပေးချီးမြှင့်ခြင်းအနေဖြင့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် ၁၉၄၇ခုနှစ်တွင် နိုင်ငံတော်စက်မှုလက်မှုသုတေသနအဖွဲ့ (State Industry Research Institute – SIRI) အမည်ဖြင့်အစပြုခဲ့ပြီး၊ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံလက်တွေ့သုတေသနလုပ်ငန်းအဖွဲ့(Union of Burma Applied Research Institute- UBARI) ၁၉၇၃ ခုနှစ်တွင် ဗဟိုသုတေသန လုပ်ငန်းအဖွဲ့ (Central Research Organization -CRO) ၁၉၉၄ ခုနှစ်တွင် မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန (Myanmar Scientific and Technological Research Department – MSTRD) ၂၀၁၅ ခုနှစ်တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (Department of Research and Innovation – DRI) စသည်ဖြင့် ခေတ်နှင့်အညီ အမည်အမျိုးမျိုးပြောင်း၍ နိုင်ငံတော်မှချမှတ်ထားသော သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို အကောင်အထည်ဖော်လျက်သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ နည်းပညာလွှဲပြောင်းခြင်း၊ မြန်မာစံချိန်စံညွှန်းချမှတ်ခြင်းများ ပြုလုပ်လာခဲ့ရာ၂၀၂၂ခုနှစ်တွင် (၇၅)နှစ်တိုင်ခရီးကို ရောက်ရှိလာခဲ့ပြီးဖြစ်ပါသည်။ အဆိုပါစိန်ရတုအထိမ်းအမှတ်အခမ်းအနားတွင် ဒေသတွင်းနှင့် နိုင်ငံတကာစွန့်ဦးတီထွင်မှုပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော ပြည်တွင်း MSME လုပ်ငန်းရှင် များနှင့်  ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုများချီးမြှင့်ခဲ့ကြပါသည်။ စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ကြိုဆိုသောအားဖြင့်  ပြည်တွင်း MSME လုပ်ငန်းရှင်များတောင်းဆိုထားသော နည်းပညာများ လွှဲပြောင်းခြင်းနှင့် နည်းပညာဖြန့်ဝေခြင်းတို့ကိုလည်း ၂၉-၁၂-၂၀၂၂ ရက်နေ့တွင်ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ အဆိုပါစိန်ရတုအထိမ်း အမှတ်အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *