သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၈

          သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အစိုးရနည်းပညာကောလိပ် (နေပြည်တော်)၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ အစိုးရနည်းပညာကောလိပ်(နေပြည်တော်)မှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

          ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က စိုက်ပျိုးမည့်ပျိုးပင်များကို ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများကိုယ်စား အစိုးရနည်းပညာကောလိပ် (နေပြည်တော်) ကျောင်းအုပ်ကြီး အားလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အစိုးရနည်းပညာ အထက်တန်းကျောင်း(နေပြည်တော်) ကျောင်းအုပ်ကြီး အားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးက အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုသင်တန်းကျောင်း(နေပြည်တော်) ကျောင်းအုပ်ကြီး အားလည်းကောင်း  ပျိုးပင်များကိုအသီးသီးပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တို့က ကံကော်ပင်ကို စိုက်ပျိုးပေးကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်းသတ်မှတ်နေရာများ၌ ကံကော်ပင်နှင့် ခရေပင်များကို စိုက်ပျိုးပေးကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေးကြသည်။ ယနေ့ ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကံ့ကော်ပင်(၂၀၀)နှင့် ခရေပင်(၄၀၀) စုစုပေါင်းအပင် (၆၀၀) စိုက်ပျိုးခဲ့ကြသည်။

ယခုနှစ် မိုးရာသီကာလအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများဖြစ်ကြသည့် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတို့တွင် ရတနာတန်းဝင်အပင်များ၊ အရိပ်လေကာပင်များ၊ နှစ်ရှည်သီးပင် စားပင်များနှင့် အလှပန်းပင်များ စုစုပေါင်း (၃၄၀၀၀ ကျော်) တို့ကို စိုက်ပျိုးနိုင်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် Sydney Accord နှင့်အညီဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အစိုးရနည်းပညာကောလိပ်(နေပြည်တော်) တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လက်တွေ့ခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ အလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား လိုအပ်သည်များကို မှာကြားညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ 

ယနေ့ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်သော အစိုးရနည်းပညာကောလိပ်(နေပြည်တော်) တွင် နည်းပညာဘွဲ့သင်တန်း(Bachelor of Technology (B.Tech))  များဖြစ်ကြသည့် မြို့ပြအင်ဂျင်နီယာ (Civil Engineering)၊ စက်မှုအင်ဂျင်နီယာ(Mechanical Engineering)၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering)၊ စက်မှုလယ်ယာနည်းပညာ (Farm Machinery Technology) နှင့် အစားအသောက်နည်းပညာ(Food Technology) အထူးပြုဘာသာရပ်များအား သင်ကြားပေးမည် ဖြစ်ပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အနေဖြင့် အစိုးရနည်းပညာကောလိပ် (၅) ကျောင်းအား(နေပြည်တော်၊ ရွှေဘို၊ မန္တလေး၊ ကျောက်ဖြူ၊ တောင်ဒဂုံ) တို့တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်များ ပါဝင်သော မည်သည့်ဘာသာတွဲများဖြင့်မဆို အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး သင်တန်းကာလ (၄) နှစ်လုံးပြီးစီးပါက Bachelor of Technology (B.Tech) ဘွဲ့ကို တိုက်ရိုက်အပ်နှင်း ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

                                                                                                              

1
2
3
4
5
5-1
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
PlayPause
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *