သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး(၁၉)ကြိမ်မြောက် အာဆီယံသိပ္ပံနည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဇွန် ၁၆

 (၁၉)ကြိမ်မြောက်အာဆီယံသိပ္ပံနည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေး(19th ASEAN Ministerial Meeting on Science, Technology and Innovation -AMMSTI 19)ကိုဇွန် ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှကြီးမှူးပြီးVideo Conferencing စနစ်ဖြင့် ကျင်းပရာသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင်ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊သိပ္ပံနှင့်နည်းပညာဝန်ကြီး၊အာဆီယံသိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေး၏ ဥက္ကဌဖြစ်သူ H.E. Prof. Dr. Huynh ThanhDat မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်က သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု(Science, Technology and Innovation-STI)သည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုဆောင်ရွက်ရန်၊ တည်ငြိမ်အေးချမ်းရေးနှင့် အာဆီယံဒေသအတွင်းပေါင်းစည်မှုကို မြှင့်တင်ရာတွင် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ STI သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်များ (Sustainable Development Goals-SDGs) အများစုကိုအောင်မြင်ရန် နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ သိပ္ပံနည်းပညာနှင့် တီထွင်မှုဆန်းသစ်မှု(STI)သည် ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းနှင့် SDGs အောင်မြင်မှုကိုပံ့ပိုးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် ပါကြောင်း၊ မြန်မာနိုင်ငံသည်  သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အာဆီယံဆောင်ရွက်မှု အစီအစဉ်(၂၀၁၆-၂၀၂၅)-ASEAN Plan of Action on Science, Technology and Innovation(2016-2025)၏ အစီအစဉ်/လှုပ်ရှားမှုကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်း၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်းဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သိပ္ပံနှင့် နည်းပညာဆိုင်ရာဝန်ကြီးများက အာဆီယံဒေသအတွင်း သာယာဝပြောသော ရေရှည်တည်တံ့ ခိုင်မြဲသော STI တိုးတက်မှုအတွက် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု(STI) နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *